ဟေတီနိုင်ငံ ပို့အောပရင့်စ်မြို့တော်မှာ ပြီးခဲ့တဲ့ သတင်းနှစ်ပတ်လောက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန် သူနာပြုဆရာမအဲလစ်ခ်စ် ဒေါရ်စိန်းဗီးလ်နဲ့ သူ့ကလေးငယ်တို့ ဘေးကင်းကင်း ပြန်လွတ်မြောက်လာပြီလို့ သူအလုပ်လုပ်ပေးနေတဲ့ အလ်ရွိုင်အဖွဲ့အစည်းက သြဂုတ် ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သူနာပြုဆရာမ ဒေါရ်စိန်းဗီးလ်နဲ့ သူ့ကလေးငယ်တို့ဟာ ပို့အောပရင့်စ်ရှိ အလ်ရွိုင်ဟေတီ ယုံကြည်ခြင်း အခြေပြု လူသားချင်းစာနာမှု အကူအညီပေးရေး ကျောင်းဝင်းအတွင်းမှာပဲ ဇူလိုင် ၂၇ ရက်က ပြန်ပေးဆွဲ ခံခဲ့ရတာပါ။
အမေရိကန်သူနာပြု သားအမိ လွတ်မြောက်ကြောင်း ကြားသိရလို့ သူတို့ဆုတောင်းတွေ အလဟဿ မဖြစ်ခဲ့ပါဘူးလို့ ဗုဒ္ဓဟူးနေ့မှာ နှုတ်ဆက်ဖို့ စုရုံးရောက်ရှိလာတဲ့ ဒေသခံ ဟေတီလူမျိုး အုပ်စုထဲက လွီတက်ဆယ် ဒေဆူးမ်က ပြောပါတယ်။
သူနာပြု ပြန်လွတ်လာတာကိုသိရလို့ ဝမ်းသာကြောင်းနဲ့ ဒီဒေသမှာ လူတွေက အတော်ဒုက္ခ ရောက်ကြရပြီး ဒီတိုင်းပြည်ကနေသူတို့ ထွက်သွားတော့မှာကို သိလိုက်ရလို့ စိတ်မကောင်းကြောင်း ဒေသခံ ဗနက်ဆာ ဆီမီလီယမ်က ပြောပါတယ်။
ဟေတီမှာ တခြား အခပေးဆေးရုံတွေ ရှိပေမဲ့ အလ်ရွိုင်ဟေတီလို အခမဲ့ဆေးရုံ ရှာတွေ့ဖို့နဲ့ ဆေးဝါးအခမဲ့ ရရှိဖို့ မလွယ်ကူကြောင်းလည်း သူက ပြောပါတယ်။
အရင်က ဒီနယ်မြေလေးမှာ ည ၁၀ နာရီ ၁၁ နာရီလောက်အထိ အပြင်ထွက်လို့ရခဲ့ပေမယ့် အခုလို ပြန်ပေးဆွဲမှုတွေကြောင့် အပြင်ထွက်ဖို့ ကြောက်နေရပြီလို့လည်း ဆိုပါတယ်။
ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် ပြန်ပေးဆွဲမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း အမှုပေါင်း ၃၀၀ နီးပါးရှိကြောင်းနဲ့ ဒီအရေအတွက်ဟာ မနှစ်က တနှစ်လုံးစာ မှတ်တမ်းတင်ထားသလောက် များပြားကြောင်း ကုလသမဂ္ဂကလေးသူငယ်များ အေဂျင်စီ UNICEF က ပြောပါတယ်။
Source-Reuters