စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ်တလုံးမှာ ဩဂုတ် ၁၀ ရက်နေ့ ဓားပြတိုက်မှုဖြစ်စဉ်မှာ မွေးခါနီးကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ ညနေ ၃ နာရီမှာ အမျိုးသား ၇ ဦးက စစ်ဆေးစရာရှိလို့ဆိုပြီး ခြံဝင်းထဲ ဝင်ကာ ဓားပြတိုက်ခဲ့ရာမှာ နေအိမ်အိပ်ခန်းအတွင်းမှာပဲ ကိုယ်ဝန်သည်ရဲ့ နားထင်ကို သေနတ်နဲ့ ပစ်ခတ် သွားခဲ့တာဖြစ်တဲ့အပြင် ကိုယ်ဝန်သည်အမျိုးသမီးဆီကနေ အိုင်ဖုန်း 13 pro max ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ်ကလစ်ဘီး ၁ စီးကို ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ မွေးဖွားမှာဖြစ်ပြီး သူနဲ့အတူ သန္ဓေသား ယောကျ်ားလေး ၁ ဦးပါ သေဆုံးခဲ့သလို ယောက္ခမဖြစ်သူလည်း ကျည်ထိမှန် ဒဏ်ရာ ရခဲ့ တယ်လို့မိသားစုနဲ့နီးစပ်သူ တဦးက ပြောပါတယ်။
“ညနေခင်း ၃ နာရီလောက်မှာ ဖြစ်တာ။ ကြားကြားချင်း ဆေးရုံလိုက်သွားတော့ အသက်မမီတော့ တာ။ ကိုယ်ဝန်ဂျူးဒိတ်က ၁၀ လပိုင်း ၁၈ ရက်မှာ မွေးမှာ၊ ယောကျ်ာလေးပါ ” လို့ ဆိုပါတယ်။
မုံရွာမြို့ခံတဦးက “သူ့အမျိုးသား အလုပ်သွားတဲ့အချိန် အပြင်ထွက်သွားတာ မကြာသေးဘူး၊ အဲဒီ အချိန်မှာ ဖြစ်တာ၊ သူတို့က လုပ်ချင်တဲ့သူက စောင့်နေပုံပါပဲ၊ သူတို့အိမ်မှာက ကိုယ်ဝန်သည်ရယ်၊ သူ့အမျိုးသားရဲ့ အမေယောက္ခမဖြစ်သူရယ်၊ သူ့အမျိုးသားရဲ့ အစ်ကိုရယ်ဆိုတော့ သူတို့ ၃ ယောက်ပဲ ကျန်ခဲ့တဲ့အချိန်မှာ ဖြစ်ကြတာ”လို့ ဆိုပါတယ်။
ဓားပြတွေလုယက်သွားတဲ့ ပစ္စည်းစာရင်းအတိအကျကို မိသားစုဝင်တွေက အသေးစိတ်စိစစ်နေဆဲ ဖြစ်တယ်လို့ သိရတဲ့အပြင် မုံရွာအခြေစိုက် စစ်ကောင်စီရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို လာရောက် စစ်ဆေးခဲ့ကြတယ်လို့ သိရပြီး ဓားပြတွေကို ဖော်ထုတ်ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။