ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု နတ်ပုတီးကုန်းကျေးရွာမှာ သြဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီက နတ်ပုတီးကုန်းကျေးရွာမှာ စျေးလာဝယ်တဲ့ အမျိုးသားနှစ်ယောက်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေတဲ့သူနှစ်ယောက်စလုံးက ဒီရွာကမဟုတ်ဘူး၊ သာဂတိုးကွေ့ကသူတွေ၊ ဒီရွာကဖြတ်တဲ့အချိန် စျေးဝင်ဝယ်တဲ့အချိန် ပစ်ခံရတာ၊ ပစ်တဲ့သူက ထွက်ပြေးသွားပြီ၊ စစ်ကြောင်းက ရွာကိုရောက်နေတယ်။”
သေဆုံးသူနှစ်ဦးမှာ ပေါင်းတည်မြို့နယ် ကံငယ်ကျေးရွာအုပ်စု၊ သာကတိုးကွေ့ကျေးရွာနေ ကိုကျော်သူအောင်နဲ့ တပည့်ဖြစ်သူဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပေါင်းတည်မှာက ပြည်သူ့စစ်တွေက ရွာတွေကိုဝင်ပြီး စည်းရုံးတာတွေလုပ်တယ်။ အခု အပစ်ခံရတာ အရပ်သားလို့ ပြောတယ်၊ ရွာဘက်က ပြည်သူ့စစ်လို့ပြောတယ်၊ သေချာတော့ မသိသေးဘူး။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက ရန်ကုန်-ပြည် ကားလမ်းတလျှောက်နဲ့ နတ်ပုတီးကုန်းကျေးရွာနဲ့ ဝက်ပုတ်ကျေးရွာဘက်တွေမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။