Home
မြန်မာသတင်း
တောင်ဒဂုံတွင် အမှိုက်ပုံမှ ဆေးလိပ်ဘူးကို သောက်မိသည့် လူငယ် ၃ ဦး သတိလစ်
DVB
·
August 10, 2023
Discard Cigrattee SouthDagon 10082023

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်မှာ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲက အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ ဆေးလိပ်ဘူးကို ကောက်သောက်တဲ့ လူငယ်သုံးယောက် သတိလစ် မေ့မြောကာ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အမှတ် ၂၄ ရပ်ကွက်၊ နံ့သာမြိုင်လမ်းနဲ့ နဝရတ် ၁ လမ်းထောင့်ရှိ အမှိုက်ပုံမှ ဆေးလိပ်ဘူးတဘူးကို လူငယ်တယောက်က ကောက်ယူသောက်ခဲ့ရာ နှာခေါင်းထဲက သွေးထွက်ပြီး သတိလစ်မေ့မြောကာ အငွေ့ရှူမိသူ သူငယ်ချင်းနှစ်ယောက်မှာလည်း သတိလစ်ပြီး ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“စည်ပင်က အမှိုက်လာသိမ်းနေတဲ့ ဆေးလိပ်ဘူးတွေ့လို့ ကောင်လေးတယောက်က ကောက်ပြီး သောက်တာ၊ သူက နှာခေါင်းထဲက သွေးတွေထွက်လာပြီး သတိလစ်သွားတယ်။ သူငယ်ချင်း နှစ်ယောက်လည်း သတိလစ်ပြီး မြောက်ဥက္ကလာဆေးရုံကို တင်လိုက်ရတယ်။”

သတိလစ်မေ့မြောနေသူ လူငယ်သုံးယောက်ကို ရပ်ကွက်က အမှတ် ၂၅ ရပ်ကွက် လူမှုကူညီရေးယာဉ်နဲ့ ရှင်သန်ခွင့် လူမှုကူညီရေးယာဉ်တို့နဲ့ မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အငွေ့ရှူတဲ့ ကောင်လေးနှစ်ယောက်က သတိပြန်ရလာပြီ။ နှာခေါင်းထဲက သွေးထွက်တဲ့ ကောင်လေးကတော့ သတိမရသေးဘူး။”

လတ်တလောအခြေအနေမှာ သတိလစ်နေတဲ့လူငယ်ဟာ မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024