Home
မြန်မာသတင်း
မိုးသည်းထန်ပြီး တောင်ကျချောင်းရေကြောင့် ကျိုက်ထိုမြို့ ရပ်ကွက်အချို့ ရေနစ်မြုပ်
DVB
·
August 10, 2023
Kyaik Hto Water Float 1
Kyaik Hto Water Float 2
Kyaik Hto Water Float 3


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကဒတ်ချောင်း ရေလျှံကာ သြဂုတ် ၉ ရက် မနက် ၁၀ နာရီက ဇေယျာမွန်ရပ်ကွက်ရှိ တိုးချဲ့ကွက်သစ် မြေနိမ့်ပိုင်းနဲ့ ကော့စံနိုင်ရပ်ကွက်ရှိ အေးရိပ်ငြိမ်အရှေ့မြို့ကွက်သစ်နဲ့ အနောက်မြို့ကွက်သစ် မြေနိမ့်ပိုင်း နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။

ဇေယျာမွန်ရပ်ကွက်နဲ့ ကော့စံနိုင်ရပ်ကွက်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၆၇ စုက စုစုပေါင်း ၂၆၈ ယောက်ကို ရေဘေးလွတ်ရာ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းတော်ကြီးကျောင်းနဲ့ ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကို ကယ်ဆယ်ရေးသမားတွေက ရွှေ့ပြောင်းပေးထားရပါတယ်။

ဒါ့အပြင် သြဂုတ် ၁၀ ရက် မနက် ၅ နာရီကျော်ကစပြီး ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းဘက်မှာ ရေကျသွားပြီး ကားသေး၊ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ ပေမဲ့ တဖက်ခြမ်းစီ ကားတွေ လွှတ်ပေးနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်ပဲ ရှိတော့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မနက် ၆ နာရီခွဲက ဘီးလင်းမြစ်ရေ တိုင်းတာချက်အရ ၁,၀၆၈ စင်တီမီတာ ရေအကျဘက်ကို ရောက်ရှိလာနေပေမဲ့ စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာ အထက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင်-ဘီးလင်း ကားလမ်း ရေကျော်မှုတွေကြောင့် ပိတ်မိနေတဲ့ ကားသမား ခရီးသွားသမားတွေကို ဒေသခံတွေက အရေးပေါ် အစားအသောက် အကူအညီတွေ ပေးနေပါတယ်။

ပဲခူး မြို့ရှောင်လမ်း ရေပတ်လည်ဝိုင်းပြီး အိမ်တွေပါ ရေကြီးနစ်မြုပ်နေကာ အခု ကားလမ်းမှာ ကားတွေ ထပ်မံပိတ်မိနေပါတယ်။

ပဲခူးမြစ်ရေဟာ သြဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ကျော်ကာ ၉၃၃ စင်တီမီတာကို ရောက်ရှိခဲ့ပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းထဲမှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ကားလမ်းတွေ ရေနစ်မြုပ်နေတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024