Home
ဆောင်းပါး
ဒီမိုကရက်တစ် လူ့အသိုက်အဝန်း ဆိုသည်မှာ
DVB
·
August 10, 2023
Article 1

(၁)

ယူကျုပေါ်က ဒီအစီအစဉ်လေးကို ကြည့်မိတိုင်း စိတ်ထဲ ကြည်နူးပြီး လွတ်လပ်ပေါ့ပါးသွားသလို အမြဲခံစားရတယ်။

Caught in Providence.

Providence မှာ ဖမ်းဆီးမိတဲ့ အဖြစ်အပျက်များလို့ ဆိုရမလားတော့ မသိ။ အမေရိကန်ပြည်ထောင်စု Rhode Island ပြည်နယ်၊ Providence မြို့က မြူနီစီပယ်တရားရုံးတခုရဲ့ တရားစီရင်ချက်တွေကို ရိုက်ကူးထားတာပါ။ ဒီအစီအစဉ်ရဲ့ အဓိက ဇာတ်လိုက်က တရားသူကြီး ဖရန့် ကာပရီယိုပါ။ သူက ရုံးခန်းထဲဝင်လာတဲ့ တရားခံတိုင်းကို နွေးထွေးတဲ့အပြုံးနဲ့ နှုတ်ဆက်တတ်သလို အမှုသည်ဘက်က အမြဲစဉ်းစားပေးတတ်လို့ လူချစ်လူခင်များသူတဦးပါ။

အမှုစစ်နေတာနဲ့ မတူဘဲ တရားခံဘက်က ခံစားချက်တွေကို တလေးတစား နားထောင်သူ။ တရားခံကို ဟောဒီမှာ စီစီတီဗီမှတ်တမ်းမှာ ပြစ်မှုကျူးလွန်တာ တွေ့နေရပြီ။ ဘာကြောင့် ပြစ်မှုကျူးလွန်ဖြစ်သလဲ မေးတယ်။ ပြစ်မှုကျူးလွန်တာကို သိသလား မေးတယ်။

ဟောဒီမှာ မီးနီဖြတ်မှုက ဘယ်နှမှု။ မရပ်ရဆိုတဲ့နေရာမှာ ရပ်ထားတာက ဘယ်နှမှု။ ဒဏ်ငွေဆောင်ဖို့ အပြစ်ပေးထားတာ ဘယ်နှမှု။ မဆောင်ဘဲနေတာ ဘယ်နှမှု။ ဟောဒီမှာ school zone violation ကျောင်းရှေ့မှာ အရှိန်နဲ့ မောင်းသွားတဲ့အမှု။ စသည်ဖြင့် မော်တော်ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေအတွက် အပြစ် ရှိ၊ မရှိ ဆုံးဖြတ်ပေးတဲ့ တရားသူကြီးပါ။

တရားခံလို့ဆိုရမယ့် ယာဉ်စည်ကမ်းချိုးဖောက်သူတွေကလည်း စုံလှတယ်။ လူမျိုးစုံ။ အသားအရောင်စုံ။ အရွယ်စုံ။ အာရှသားတွေပါသလို အာဖရိကသားတွေလည်း ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေ။ သားသည်မိခင်တွေ။ သက်ကျားအို အဘိုးကြီးတွေလည်း ပါတယ်။ အမေရိက ဆိုတာကလည်း ကမ္ဘာအရပ်ရပ် နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာရောက်အခြေချနေကြတာ မဟုတ်လား။

တကယ်တော့ အမေရိကားမှာ identity မရှိ။

Rule of Law တရားဥပဒေကို အခြေခံတဲ့ အမှန်တရားတခုပဲ ရှိတယ်။

No one is above the law. လူတိုင်းသည် ဥပဒေရှေ့မှောက်မှာ အညီအမျှ ဖြစ်ရမယ်။

တချို့က နိုင်ငံမှာ စစ်ပွဲတွေဖြစ်လို့ ပြောင်းရွှေ့အခြေချ စစ်ပြေးလာကြ။ တချို့က နိုင်ငံမှာ ဆင်းရဲမွဲတေ အလုပ်အကိုင် အဆင်မပြေလို့။ တချို့က ဒုက္ခသည်အဖြစ် ရောက်လာသူ။ တချို့က ကျောင်းလာတက်သူ။ တချို့က ကျောင်းပြီးသွားလို့ ကိုယ့်နိုင်ငံ မပြန်တော့ဘဲ အလုပ်ဝင်နေသူ။  အရှိန်လျှော့မမောင်းလို့ ဒဏ်ငွေချခံရတဲ့ ဆီးရီးယားက ပြောင်းလာတဲ့ လူငယ်။ မီးနီဖြတ်တဲ့ လက်ဘနွန်အမျိုးသမီးနဲ့ အစ္စရေးလ်အမျိုးသားစုံတွဲ။ ကျောင်းရှေ့ အရှိန်နဲ့မောင်းမိတဲ့ သားကို ဆေးရုံလိုက်ပို့တဲ့ ပင်စင်စား အမေရိကန်အဘိုးကြီး။ မရပ်ရလို့ သတ်မှတ်ထားတဲ့နေရာမှာ ရပ်လို့ ကားသော့ခတ်ခံရတဲ့ အမျိုးသမီး။ မော်တော်ယာဉ်ပြစ်မှုတွေက စုံသလို ရုံးရှေ့ရောက်လာသူတွေကလည်း အမျိုးစုံတယ်။

တရားသူကြီး ကာပရီယိုက အမှုတိုင်းကို ပြစ်ဒဏ်ချတာမျိုးတော့ မဟုတ်ဘူး။ ပြစ်မှုကျူးလွန်သူနဲ့ တရင်းတနှီး အကျိုးသင့်အကြောင်းသင့် မေးမြန်းပြီးမှ ပြစ်ဒဏ်ချလေ့ရှိသလို ပြစ်မှုအနေအထားပေါ် မူတည်ပြီး တခါတရံ လုံးဝ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးတာမျိုး၊ လျှော့ပေးတာမျိုးလည်း လုပ်တတ်တယ်။ တချို့သော အမှုတွေမှာဆို ပြစ်မှုကျူးလွန်သူက ဒဏ်ငွေမဆောင်နိုင်လို့ အလှူရှင်တွေရဲ့ ရန်ပုံငွေထဲက စိုက်ထုတ်ပေးတာမျိုးတောင် တွေ့ရတယ်။

သူ့ရဲ့ စီရင်ချက်အပြီးမှာတော့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူတွေဟာ အပြုံးကိုယ်စီနဲ့ ရုံးခန်းထဲက ထွက်သွားတာ မြင်ရတယ်။ ဒီမြင်ကွင်းဟာ ဒီယူကျုပေါ်က ကြည်နူးစရာ မြင်ကွင်းတွေပါ။ တချို့သော စီရင်ချက်တွေက ရယ်လည်း ရယ်ရ။ အမှုစစ်နေတာနဲ့ မတူ။ ရင်းရင်းနှီးနှီး လက်ဆုံကျနေပုံမျိုး။

Caught in Providence မှာ အဓိက မြင်တွေ့လိုက်ရတာက တရားသူကြီး ဖရန့်ကာပရီယိုရဲ့ လူသားဆန်တဲ့ အသည်းနှလုံးပါ။ ပြီးတော့ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ စုံလင်ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတခုရဲ့ လူတဦးချင်းစီရဲ့ identity ထက် “လူသား” ဆိုတဲ့ humanity နဲ့ rules of law အပေါ်မှာပဲ အခြေခံ တည်ဆောက်ထားမှု။

(၂)

စင်ကာပူမှာ အားအားယားယား တလလောက် သွားနေတုန်းက နေရာအတော်စုံအောင် ရောက်ဖြစ်ခဲ့တယ်။ လူဦးရေ ၅ သန်းခွဲလောက်ပဲရှိပြီး အရှေ့-အနောက် ၃၁ မိုင်၊ တောင်-မြောက် ၁၇ မိုင်သာကျယ်တဲ့ စင်ကာပူမြို့က တကယ်တမ်းကျ သွားစရာ လည်ပတ်စရာ သိပ်များများစားစား မရှိလှဘူး။ ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန် နိစ္စဓူဝ သွားလာနေရသူတွေအတွက်တော့ ဒီရထားစီး၊ ဒီဘူတာဆင်း နေ့စဉ် ရိုးအီနေတဲ့ ဖြစ်စဉ်နဲ့ ပတ်ဝန်းကျင်ပါပဲ။

နိုင်ငံတခုလုံး မြို့ကြီးတမြို့ဖြစ်နေပြီး မြို့ကြီးတခုလုံး ကျွန်းကြီးတခုပေါ်မှာ တည်ရှိနေတဲ့ ဒီနိုင်ငံက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနဲ့ လူတဦးချင်းဝင်ငွေ အမြင့်မားဆုံးဆိုတာ အားလုံးအသိပါ။ ဒီနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်မြင့်မားမှု၊ စည်းကမ်းလိုက်နာမှုနဲ့ တည်ငြိမ်အေးချမ်းမှု အကြောင်းကတော့ ရောက်ဖူးသူတွေအားလုံး မျက်မြင်ကိုယ်တွေ့ သိကြပြီးသားပါ။

တချို့က ပြောကြတာရှိတယ်။ နိုင်ငံက သေးသေးကလေးဆိုတော့ ဖွံ့ဖြိုးတိုးတက်တာ၊ အေးချမ်းတည်ငြိမ်တာ မဆန်းဘူး။ စင်ကာပူလို နိုင်ငံသေးသေးလေးနဲ့ သူ့ထက် ဧရိယာကြီးမား၊ သူ့ထက် လူဦးရေပိုများတဲ့ နိုင်ငံတခု နှိုင်းယှဉ်လို့မရဘူး ဆိုကြတယ်။ ဘာပဲပြောပြော ဒီနိုင်ငံသေးသေးလေးက ကြွယ်ဝချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကမ္ဘာက စံနမူနာယူစရာတွေ အများကြီးရှိတယ်။

ဒီနေ့ ဒီအခြေအနေမျိုး ဒီနိုင်ငံရောက်လာတာဟာ လွယ်လွယ်တော့ မဟုတ်ခဲ့ဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ ခေါင်းဆောင်ကြီး လီကွမ်းယူရဲ့ အမြော်အမြင်ကြီးမှုနဲ့ ခိုင်မာတဲ့ မူဝါဒက အဓိကလို့ ဆိုရမယ်။

လာမယ့် ဩဂုတ် ၉ ရက်နေ့ဟာ ဒီကျွန်းနိုင်ငံလေးရဲ့ အမျိုးသားနေ့လို့ခေါ်တဲ့ လွတ်လပ်ရေးနေ့ပါ။ ၁၉၆၅ ခုနှစ် ဩဂုတ် ၉ ရက်မှာ မာလာယုကျွန်းဆွယ် တောင်ဘက်အစွန်ဆုံးက ဒီကျွန်းမြို့ဟာ မလေးရှားဖက်ဒရယ်ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြား လွတ်လပ်တဲ့နိုင်ငံတခု ဖြစ်လာခဲ့တယ်။

အဲဒီအချိန်က PAP ပါတီခေါင်းဆောင် လီကွမ်းယူတယောက် မျက်ရည်စက်လက်နဲ့ နိုင်ငံသစ် ကြေညာခဲ့ရတဲ့သမိုင်းကို အခု သိမီသူ နည်းပါလိမ့်မယ်။ တကယ်တော့ ခွဲထွက်ရေးဟာ လီကွမ်းယူရဲ့ အန္တိမရည်မှန်းချက် မဟုတ်ခဲ့ဘူး။ မလေးရှားပြည်ထောင်စုက မခွဲထွက်ချင်ဘဲ ခွဲထွက်ခဲ့ရတဲ့ လီကွမ်းယူရဲ့ PAP ပါတီ ကြွေးကြော်သံက “မလေးရှားသည် မလေးရှားနိုင်ငံသား အားလုံးအတွက်”။ လူမျိုးမခွဲ၊ ကိုးကွယ်ယုံကြည်မှုမခွဲ အတူတကွ စုပေါင်းနေထိုင်ကြမယ့် မလေးရှားဖက်ဒရယ်ပြည်ထောင်စု။

၁၉၆၃ ခုနှစ် စက်တင်ဘာလကပဲ ဖက်ဒရယ်ပြည်ထောင်စုမှာ ပူးပေါင်းပါဝင်မယ်လို့ လီကွမ်းယူကိုယ်တိုင် သဘောတူခဲ့တဲ့ လက်မှတ်ရေးထိုးမှုဟာ (၂ နှစ်နီးပါး) ၂၃ လ အကြာမှာပဲ ပျက်ပြယ်သွားခဲ့ရတယ်။

ဒီလိုဖြစ်လာစေတဲ့ နောက်ခံအကြောင်းတွေက ရှိခဲ့တာပေါ့။ အဓိကက လူမျိုးရေးမညီမျှမှု။ တရုတ်-မလေး မတူညီတဲ့ လူမျိုးစု၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ ခွဲခြားဆက်ဆံမှု။

စင်ကာပူမှာ ဟိုဟိုဒီဒီသွားလို့ MRT ရထားစီးတဲ့အခါ အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ ဘာသာစကားလေးမျိုးနဲ့ သတိပေးကြေညာချက်တွေကို ကြားရလေ့ရှိတယ်။ အင်္ဂလိပ်၊ တရုတ်၊ မလေး၊ တမီလ်။ ဒါက တရားဝင်အသိအမှတ်ပြု ဘာသာစကားတွေ။ နားထောင်လို့တော့ ကောင်းသား။ အင်္ဂလိပ်ကလွဲလို့ ကျန်တာ နားမလည်လည်း ကြေညာသွားတဲ့ တရုတ်၊ မလေး၊ တမီလ် အမျိုးသမီးလေးတွေရဲ့ အသံတွေက သူတို့ဘာတွေပြောနေသလဲ ခန့်မှန်းလို့ရတယ်။ ရထားပေါ်မှာ မတူညီတဲ့ လူမျိုးတွေ အတူတကွ သွားလာနေကြတာ မဟုတ်လား။

ဒါတောင် သူတို့ရဲ့ အဓိကလူမျိုးစု လေးခုအတွက်ပဲ ရှိသေးတယ်။ ဒီနိုင်ငံမှာ Foreigners လို့ခေါ်တဲ့ မြန်မာအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ ဥရောပ၊ အမေရိကက လာပြီး အလုပ်လုပ်နေသူ၊ အခြေချနေထိုင်သူ အစုအဖွဲ့တခု ရှိသေးတယ်။ ဒီ နိုင်ငံခြားသား အစုအဖွဲ့ကလည်း ဒီနိုင်ငံရဲ့ စည်းကမ်းဥပဒေအောက်မှာ အေးအေးဆေးဆေး ပျော်ဝင်ပြီး နေထိုင်နေကြတာပါပဲ။

၁၉၆၄ ခုနှစ် ဇူလိုင်နဲ့ စက်တင်ဘာလမှာ စင်ကာပူမှာ လူမျိုးရေးအဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။ စင်ကာပူမလေးနဲ့ စင်ကာပူတရုတ်တွေ ရိုက်ကြတယ်။ အုပ်စုလိုက် တဖက်နဲ့တဖက် ရိုက်ကြ နှက်ကြလို့ လူပေါင်း ၂၀ ကျော် သေဆုံးတယ်။ မလေးရှား ပြည်ထဲရေးက ညမထွက်ရ ကာဖျူးအမိန့်ထုတ်ရတယ်။ အဲဒီအချိန်က စင်ကာပူဟာ မလေးရှားအောက်မှာပဲ ရှိသေးတယ်။ အဓိက အကြောင်းအရင်းတွေထဲမှာ လီကွမ်းယူရဲ့ PAP ပါတီကို မလေးရှား UMNO ပါတီက ထိုးနှက်တာလည်းပါတယ်။ padang ကွင်းမှာ UMNO နဲ့ မလေးအဖွဲ့အစည်းတွေက လူထုအစည်းအဝေးကြီး ကျင်းပပြီး PAP ပါတီကို တိုက်ခိုက်တယ်။ ဇူလိုင် ၂၁ မလေး-တရုတ် ရိုက်ပွဲက တမန်တော်မွေးနေ့ စီတန်းလှည့်လည်ရာက ဂေလန်းဘက်မှာ စဖြစ်တယ်။

တရုတ်နဲ့ မလေး လူမျိုးရေးအဓိကရုဏ်းက စင်ကာပူက မလေးရှား ဖက်ဒရယ်ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ဖြစ်လာစေတဲ့ အဓိကအကြောင်းရင်းထဲမှာ ပါတယ်။

၁၉၆၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ စင်ကာပူဟာ မလေးရှားကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တယ်။ စင်ကာပူကို ဆင်းရဲနိမ့်ကျပြီး လူတန်းစား ကွာဟချက် ကြီးမားတဲ့ ကျွန်းနိုင်ငံကလေး အဖြစ်ကနေ ဒီနေ့အခြေအနေထိ​ ရောက်လာအောင် ဦးဆောင်ခဲ့တာက လီကွမ်းယူပါပဲ။

စင်ကာပူမြို့လယ်က ဗြိတိသျှခေတ်လက်ရာ စင်ကာပူပါလီမန် အဆောက်အဦနဲ့ သိပ်မဝေးတဲ့နေရာမှာ ထင်ရှားတဲ့ city hall ဘူတာရှိပြီး ကျယ်ဝန်းတဲ့ မြက်ခင်းစိမ်းတွေရဲ့ အလယ်က စိန့်အင်ဒရူး ဘုရားရှိခိုးကျောင်း ရှိတယ်။ ဒီအနီးအနားမှာ little Myanmar လို့ခေါ်ကြတဲ့ မြန်မာအများစု ကျင်လည်တဲ့ ပင်နီဆူလာ ပလာဇာလည်း ရှိတယ်။

စင်ကာပူမှာ ဟိုဟိုဒီဒီလျှေက်သွားရင်း အဲဒီအနီးက ပန်းခြံထဲ ရောက်သွားခဲ့ဖူးတယ်။ အဲဒီမှာ စိတ်ဝင်စားစရာတချို့ကို တွေ့ခဲ့တယ်။ ဒီနိုင်ငံဟာ နိုင်ငံတည်ဆောက်သူတွေရဲ့ ကတိကဝတ်အတိုင်း အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။ အဲဒီမှာ စင်ကာပူရဲ့ မတူညီ ကွဲပြားတဲ့ လူမျိုးပေါင်းစုံ သရုပ်ဖော်ပန်းချီကားချပ်တွေနဲ့အတူ တွေ့လိုက်ရတာက..

OUR PLEDGE

We, the citizens of Singapore,

pledge ourselves as one united people

regardless of race, language or religion

to build a democratic society

based on justice and equality

so as to achieve happiness, prosperity

and progress for our nation.

CWM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024