အမေရိကန် ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ကို ဖင်လန်နိုင်ငံ ဝင်ရောက်သွားပြီးနောက်မှာ ရုရှားဟာ သူ့ရဲ့ အနောက်ဘက်နယ်စပ်မှာ စစ်တပ်အင်အားကို တိုးချဲ့ချထားမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်းဂူက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းရဲ့ စစ်ရေးလုံခြုံရေးကို ခြိမ်းခြောက်မှုတွေဟာ ဗျူဟာမြောက် အနောက်နဲ့ အနောက်မြောက် လမ်းကြောင်းတွေမှာ တိုးလာနေကြောင်းလည်း အုပ်ချုပ်ရေး အစည်းအဝေးမှာ ဆာဂီရွှိုင်းဂူက ပြောပါတယ်။
ဖင်လန်ရဲ့ နေတိုးမှာပါဝင်မှုကြောင့် နေတိုးနဲ့ ရုရှားရဲ့ ကုန်းမြေနယ်နိမိတ် ထိစပ်မှု အတိုင်းအတာဟာ နှစ်ဆနီးပါး တိုးသွားပြီး ဖင်လန်မှာ နေတိုးတပ်ဖွဲ့တွေနဲ့ လက်နက်တွေကို တပ်စွဲထားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရွှိုင်းဂူက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကို ပြောသွားပါတယ်။
နေတိုးကို ဖင်လန်ဝင်ရောက်မှုနဲ့ ဆွီဒင်ကလည်း အနာဂတ်မှာ ဝင်ရောက်ဦးမယ့်ကိစ္စဟာ “မတည်မငြိမ်ဖြစ်စေတဲ့ အချက်တချက်” လို့လည်း ရွှိုင်းဂူက ဆိုပါတယ်။
နေတိုးအဖွဲ့ဝင် ပိုလန်ဟာ သူ့ရဲ့စစ်တပ်ကို တိုက်ကြီးမှာ အင်အားအရှိဆုံးစစ်တပ်အဖြစ် တည်ဆောက်မယ့် အစီအစဉ်တွေကို ကြေညာထားပြီး အမေရိကန်ပြည်ထောင်စုရဲ့ ရုရှားဆန့်ကျင်ရေး မူဝါဒမှာ အဓိကလက်နက် ဖြစ်လာခဲ့ပြီလို့လည်း ရုရှားကာကွယ်ရေးဝန်ကြီး ရွှိုင်းဂူက ပြောပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့က တင့်ကားတွေ၊ အမြောက်စနစ်တွေ၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေ အပါအဝင် အကြီးစားလက်နက်တွေ ဝယ်ယူမှု စတင်နေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဥရောပအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဒေသပြင်ပက နေတိုးစစ်တပ်ဖွဲ့ အရေအတွက်ဟာ မနှစ် ဖေဖော်ဝါရီလကတည်းက နှစ်ဆခွဲ တိုးလာခဲ့ပြီး အခုခါ စုစုပေါင်း အင်အား ၃၀,၀၀၀ ရှိသွားပြီ လို့လည်း ပြောသွားပါတယ်။
ရုရှားရဲ့ စစ်ရေးလုံခြုံရေးအတွက် ဒီခြိမ်းခြောက်မှုတွေကို အချိန်မီ လုံလောက်တဲ့ တုံ့ပြန်မှုတွေ လိုအပ်နေကြောင်းလည်း ပြောသွားပါတယ်။
Source - Reuters