ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမြို့ အရှေ့မြောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ ဆယ်ရ်ဂိဗ်ပို့ဆဒ် မြို့က ဇာဂေါစ်ခ် အလင်းနဲ့အမြင်ဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းထုတ်စက်ရုံမှာ သြဂုတ် ၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ဇာဂေါစ်ခ်စက်ရုံဟာ စက်မှုလုပ်ငန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းတွေအပြင် ရုရှားလုံခြုံရေးတပ်ဖွဲ့တွေအတွက်လည်း အမြင်ပိုင်းဆိုင်ရာ ကိရိယာတွေကို ထုတ်လုပ်ပါတယ်။
မီးလောင်ပေါက်ကွဲလွယ်စွမ်းရှိတဲ့ ဓာတ်မီးဖို တည်ရှိရာ ဂိုဒေါင်တခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြပါတယ်။
အဲဒီဂိုဒေါင်ကို မီးရှုးနည်းပညာကုမ္ပဏီတခုမှ ငှားရမ်းခဲ့တာ ဖြစ်ကြောင်း နာမည်ကြီး အွန်လိုင်းသတင်းချန်နယ် Mash က ပြောပါတယ်။
လူ ၂၃ ဦးကို ဆေးရုံကို ပို့ဆောင်ထားပြီး သူတို့ထဲက ၆ ဦးဟာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူနေကြောင်း ဆယ်ရ်ဂိဗ် ပို့ဆဒ် မြို့တော်ဝန်ရုံးမှ ပြောကြားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ မယုံကြည်ကြောင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး TASS သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။
Source - Reuters