တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်တအိမ်ကို မျက်နှာအုပ်ထားတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့က ဝင်ရောက်ကာ အိမ်ရှင်ကို ဓားထောက်ပြီး ရွှေထည်နဲ့ ငွေသားတချို့ ယူဆောင်သွားတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
သြဂုတ် ၈ ရက် ည ၈ နာရီလောက်က မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာရပ်ကွက် သုခ ၈ လမ်းထိပ် မီးပွိုင့်အလွန်နားက နေအိမ်တလုံးမှာ အိမ်ရှင်အမျိုးသမီးတယောက် ဓားထောက်လုယက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်ထဲရှိ ရွှေထည်တချို့နဲ့ ငွေသိန်း ၂၀ ကျော် လုယက်ယူဆောင်သွားပြီး အိမ်ရှင် အမျိုးသမီးကိုလည်း ပါးစပ်ကို တိပ်ကပ်ကာ ကြိုးတုပ်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ရပ်ကွက်နေသူတယောက်က “ယောက်ျားက အပြင်မှာ ကမ်းနားဘက် အလုပ်ကိစ္စနဲ့ ရောက်နေတာတဲ့။ ဓားပြတိုက်တုန်းက ရပ်ကွက်မှာ မီးခဏပျက်နေတဲ့အချိန်ပဲ။ အမျိုးသမီးပါးစပ်ကို အသံမထွက်အောင် တိပ်ကပ်ထားတာ။ လုယက်ပြီး ချက်ချင်းထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
လုယက်ခံရချိန်တုန်းက အဆိုပါရပ်ကွက်မှာ လျှပ်စစ်မီးပျက်နေတာ ဖြစ်ပြီး အိမ်ရှင်အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူမှာလည်း အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတဲ့အချိန် ဝင်ရောက်လုယက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း မြိတ်မြို့ ရွက်စိမ်း ၃ လမ်းမှာရှိတဲ့ နေအိမ်တလုံးကို လူ နှစ်ယောက် ဝင်လာပြီး အိမ်ရှင်ကို ဓားထောက်ကာ ရွှေသားတချို့ လုယက်ယူဆောင်သွားတဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့မှာ ကုန်စျေးနှုန်းတွေ မြင့်မားလာပြီး အလုပ်အကိုင် ရှားပါးမှုတွေ ဖြစ်လာတာကြောင့် စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် မကြာခဏဆိုသလို ခိုးမှုတွေ၊ လုယက်မှုတွေနဲ့ ဓားထောက်လုယက်တာမျိုးတွေ ခပ်စိပ်စိပ် ကြားလာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။