Home
မြန်မာသတင်း
ပုလောမြို့နယ် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်
DVB
·
August 9, 2023
armed shooting PuLaw 09082023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီတပ်က သြဂုတ် ၈ ရက် နေ့လယ်ပိုင်းလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “နေ့လယ် ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ၂ လုံး ဆက်တိုက်ပစ်တယ်။ ၁ နာရီခွဲလောက်မှာ တကြိမ် နောက်ထပ် ၂ လုံးထပ်ပစ်တယ်။ လက္ကူးကျေးရွာမှာရှိတဲ့ ဒေသခံတွေကလည်း စိုးရိမ်ထိတ်လန့်ပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် လက္ကူးကျေးရွာရှိ ဒေသခံတွေ သေဆုံးမှုမရှိပေမဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၇ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီဘက်က လက္ကူးကျေးရွာအုပ်စုရှိ မှော်ကြောင်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျရာ အနီးနားဝန်းကျင်ရှိ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးက ဘယ်နေရာကနေ ပစ်တယ်လို့တော့ မသိရဘူး။ လက်နက်ကြီးကျတဲ့ အနီးနားမှာလည်း တိုက်ပွဲလည်းမရှိဘူး။ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းလည်း မရှိဘူး။ ကျနော့်အမြင်အရ ရွာက ဒလံတွေက လက္ကူးဘက်သတင်းတွေကို တိုင်ချက်များလို့ လက်နက်ကြီးနဲ့ပစ်တာ ဖြစ်နိုင်တယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ပလစစ်ဆေးရေးဂိတ်ကနေ ဘိုင်းပြင်ရွာနဲ့ ဇရပ်ဆိပ်ရွာထဲကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024