Home
မြန်မာသတင်း
မြဝတီကုန်သွယ်ရေးဇုန်မှ ခွင့်ပြုချက်လိုင်စင်ရပြီးသား ပို့ကုန်သွင်းကုန်များကို နယ်စပ်ဂိတ် ပြောင်းလဲ တင်သွင်းခွင့်ပြု
DVB
·
August 9, 2023
Asia Road Fail rain 1
Asia Road Fail rain 2

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီလမ်းပိုင်းတချို့ ပျက်စီးခဲ့ပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်တာတွေ နှောင့်နှေးနေတဲ့အတွက် ကုန်သွယ်ရေးဦးစီးဌာန မြဝတီ ကုန်သွယ်ရေးဇုန်ရဲ့ လိုင်စင်ခွင့်ပြုချက် ရရှိပြီးသား ပစ္စည်းတွေအတွက် မြန်မာ-ထိုင်း ဘယ်နယ်စပ်ဂိတ်ပေါက်ကမဆို စခန်းပေါက်ပြောင်းခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပတ်လမ်းပိုင်းနေရာတချို့ ပြိုကျမှုဖြစ်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါ လမ်းပိုင်းတချို့ ပျက်စီးပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ မနှောင့်‌နှေးစေဖို့အတွက် လိုင်စင်ခွင့်ပြုချက် ရှိထားပြီးသား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ပင်လယ်ရေကြောင်းအပြင် ဘယ်နယ်စပ်ပေါက်မဆို စခန်းပေါက် ပြောင်းခွင့်ပြုပေးသွားမှာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နယ်စပ်ကုန်သည်တဦးက  “မြဝတီကတော့ အရင်ကတည်းက အဲဒီအတိုင်းပါပဲ။ မိုးတွင်းဆို ဈေးတက်နေကျ ရာသီလိုတောင် ဖြစ်နေတာ။ ထုတ်ပြန်ချက်ဆိုတာကတော့ သူတို့ နိုင်ငံရေးအရ စကားလှအောင်သာ ပြောနေတာ၊ ဘယ်လွယ်မှာလဲ” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် မြန်မာပြည်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းတွေလည်း ကြန့်ကြာနေပြီး ဈေးနှုန်းမြင့်တက်တာတွေဖြစ်နေကာ ထိုင်းနိုင်ငံဘက်ကို တင်ပို့တဲ့ မြန်မာစားသောက်ကုန်ပစ္စည်း တချို့လည်း ၂ ရက်အတွင်းမှာ ဈေးတွေ မြင့်တက်လာနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

နယ်စပ် ကူးသန်းရောင်းဝယ်နေတဲ့ ကုန်သည်တယောက်က“မြန်မာဘက်ကနေဆို ဆန်တွေ ဈေးတက်တယ် အဓိကကတော့။ နောက် ခုမိုးတွင်းဆိုတော့ ဂေါ်ဖီတွေ၊ ငရုတ်သီးတွေ၊ ကွမ်းတွေပေါ့။ ကွမ်းကတော့ ကျိုက်ထိုဘက်ကနေ မြဝတီ မဲဆောက်ရယ်၊ နောက် အပေါ်ဘက် မဟာချိုင်တို့ထိသွားတာ၊ အခုဆို ကွမ်းဈေးတွေက အတော်တက်ကုန်တာပေါ့နော်။ ကားလမ်းက ပျက်တော့ ကားတွေရပ်ပြီး တဆင့်သယ်ပို့ရတာ ဆိုတော့ အချိန်လည်းကြာတယ်၊ ဈေးတွေလည်းတက်တယ်” လို့ ပြောပါတယ်။

အခု လမ်းပိုင်းပျက်စီးသွားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဟာ မဟာမဲခေါင် ကုန်သွယ်ရေးလမ်းမကြီးဖြစ်ပြီး မြန်မာ-ထိုင်း ကုန်သွယ်မှုမှာ အဓိကအရေးပါတဲ့လမ်းလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024