မြင်းတွေကို စီးပွားဖြစ်မွေးမြူပြီး ပြန်လည်ငှားစားသူတွေဟာ မိုးရာသီမှာ စီးပွားရေး ကျပ်တည်းနေတယ်လို့ စီးပွားဖြစ် မြင်းမွေးသူတွေဆီက သိရပါတယ်။
မြင်းတွေကို ရှင်ပြုပွဲ၊ အလှူပွဲတွေ၊ မြင်းပြိုင်ပွဲတွေအတွက် စီးပွားဖြစ် မွေးမြူနေကြတာပါ။ အလှူပွဲတွေမှာ မြင်းတကောင် တရက်ငှားရင် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ထိ စျေးနှုန်းရရှိပြီး မြင်းပိုင်ရှင်ဟာ မြင်းမတကောင်ကို တနွေ သိန်း ၅၀ ထိ စျေးရရှိပါတယ်လို့ မြင်းအငှားလိုက်သူတွေနဲ့ နီးစပ်သူထံက သိရပါတယ်။
ဧရာဝတီတိုင်းမှ မြင်းရောင်းသူက “အခုက မိုးရာသီဆိုတော့ အငှားပါးတယ်၊ သီတင်းကျွတ်လောက်မှ ပြန်ငှားတဲ့သူရှိတာ၊ မိုးတွင်းက မြင်းသားပေါက်နဲ့ အမေ ရောင်းတာတောင် သိန်း ၂၀ ကျော်ပဲရတယ်။ နွေဘက်ရောင်းရင် သိန်း ၄၀ ကျော်ရတယ်” လို့ ပြောပါတယ်။
ကျောက်မြင်း (မြင်းလှည်းမှာသုံးတဲ့ မြင်း)၊ ပြိုင်မြင်း (ပြိုင်ပွဲမှာ အသုံးပြုတဲ့မြင်း)၊ မြင်းအချောအမောပေါ် မူတည်ပြီး စျေးအစားစားရှိကာ မြင်းတကောင်ကို ကျပ် သိန်း ၁၅၀ မှ သိန်း ၄၀၀ ထိ ပေါက်စျေးရတယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်းဘက်မှာ မြင်းပြိုင်ပွဲတွေ နှစ်စဥ်ကျင်းပတာတွေရှိပြီး မြင်းတွေကို ကြေးအလိုက် စျေးခေါ်ပြီး အချင်းချင်းပြိုင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြင်းတွေကို ၃ နှစ်အရွယ်လောက်မှာ စငှားကြပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ မြန်မာ့ရိုးရာအတိုင်း မြင်းစီးပြီး ရှင်သာမဏေ လှည့်လည်တဲ့ဓလေ့ ဒီနေ့ထိ မပျောက်ပျက်ဘဲ ရှိနေပါတယ်။