Home
မြန်မာသတင်း
ရွှေကူဒေသခံ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ လက်နက်ကြီးကြောင့် ဘုတလင်နေအိမ်အချို့ ပျက်စီး
DVB
·
August 9, 2023
Army ships_09082023

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ သြဂုတ် ၈ ရက် မနက်က ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကျေးရွာ ဒေသခံ ပြည်သူ ၃၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်း ကမ်းဘေးမှာရှိတဲ့ ရွှေကူမြို့နယ် ကျေးရွာသုံးရွာက ဒေသခံ ပြည်သူ ၃၀ ထက်မနည်းကို စစ်ကောင်စီတပ် အင်အား ၃၀ ကျော်က သင်္ဘော ၂ စီးနဲ့ လိုက်လံ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ရွှေကူမှာ ကပ်ထားတဲ့ စစ်သင်္ဘော ၉ စီးထဲက သင်္ဘော ၂ စီးနဲ့ထွက်ပြီး  လိုက်ဖမ်းတာ။ မနက် ၈ နာရီလောက်က စစ်သားအင်အား ၃၀ ကျော်လောက် ရွာထဲက လူတွေကို ဖမ်းသွားတယ်။ မြစ်အထက်ပိုင်းကျေးရွာက သူတွေကို ဖမ်းပြီး စစ်သင်္ဘောနဲ့ ဖမ်းခေါ်သွားတာ။ အမျိုးသား အမျိုးသမီး ဖမ်းပြီး ခေါ်သွားတာ၊ ဘာကြောင့်ဖမ်းလဲဆိုရင် စစ်‌ကြောင်းထိုးရာမှာ လူသားဒိုင်းလုပ်ပြီး ခေါ်သွားမယ်ထင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကမ်းဘေးက ရွှေကူလေးကျေးရွာ၊ ရွှေဘုံသာကျေးရွာနဲ့ ငပေါက်ဝကျေးရွာတွေက ဒေသခံ အမျိုးသား အမျိုးသမီး ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒေသခံ ပြည်သူတွေကို လိုက်လံဖမ်းဆီးသွားခဲ့တဲ့ စစ်သင်္ဘောတွေဟာ သြဂုတ် ၇ ရက် မနက်က ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းကို ဆိုက်ကပ်ခါနီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရေလှဲကျေးရွာက အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်နေတဲ့ စစ်ကောင်စီမော်တော်တွေပေါ်က ဩဂုတ် ၈ ရက် မနက် ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘုတလင် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး မြစ်ကမ်းက နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြေပြင်က တိုက်ပွဲမရှိဘဲနဲ့ကို ကျနော်တို့ ဘုတလင်နယ်ဘက်က ကျေးရွာတွေစီ လက်နက်ကြီးတွေနဲ့ ပစ်တာဗျ။ အဲလိုပစ်လို့ ကျနော်တို့ရွာက တောထဲ ယာထွန်နေတဲ့ ပြည်သူတဦး လက်မောင်းကျည်ထိမှန်တာ ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူက အမျိုးသားပါဗျ။ အသက်က ၃၂ နှစ်ဝန်းကျင်လောက် ရှိတယ်။ အသက်အန္တရာယ်အတွက်ကတော့ မစိုးရိမ်ရဘူး။ နောက်ပြီး ရွာထဲလည်း လက်နက်ကြီးကျပြီး အိမ်ပျက်စီးတာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ရွာ တရွာတည်းကို အိမ်အလုံးရေ ၂၀ လောက် ပျက်စီးတယ်။ သွပ်မိုးပေါက်တာတွေ၊ အိမ်နံရံတွေ ပွင့်ထွက်တာတွေ ရှိခဲ့တယ်။ လူတွေကတော့ စစ်ကောင်စီ‌မော်တော်တွေ ဆန်တက်မလာခင်ကတည်းက အရင်ဆုံး ရှောင်နေကြတော့ အထိအခိုက်တော့ ကျနော်တို့ ရွာကတော့မရှိဘူး။ ကျန်တဲ့ရွာတွေကတော့ အထိအခိုက်ရှိမလား၊ မရှိဘူးလား ဆိုတာကတော့ အတိအကျ မသိရသေးဘူး” လို့ ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးနေ ပြည်သူတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်နေတဲ့ စစ်ကောင်စီမော်တော်တွေဟာ စစ်လက်နက် ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို တင်ဆောင်ပြီး ဩဂုတ် ၇ ရက် နေ့လယ်က မုံရွာမြို့နယ်၊ အလုံမြို့ စစ်ပင်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီက ဖလပ်ခွံလို့ခေါ်တဲ့ မော်တော်အကြီးစား ၅ စီး၊ စပိဘုတ် ၂ စီး၊ စစ်သင်္ဘော ၂ စီး စုစုပေါင်း ရေယာဉ် ၉ စီးနဲ့ ဆန်တက်နေတာဖြစ်ပြီး လက်ရှိမှာ ညောင်သူများဆိပ်ကမ်းဘက် ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024