ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့မှာ အဏုမြူဗုံးကြဲချခံရတဲ့ ၇၈ နှစ်မြောက် အခမ်းအနားကို သြဂုတ် ၉ ရက်က ကျင်းပခဲ့ပြီး အခမ်းအနား တက်ရောက်လာသူတွေကို ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက ဗီဒီယိုကနေ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ကီရှီဒါက“စစ်ပွဲအတွင်း အဏုမြူဗုံးဒဏ်ကို ခံခဲ့ရတဲ့ ကမ္ဘာပေါ်မှာ တခုတည်းသောနိုင်ငံအနေနဲ့ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်မြောက်လာဖို့အတွက် လုံ့လစိုက်ထုတ်မှုတွေကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ နျူးကလီးယားကင်းစင်တဲ့ အခြေခံမူ ၃ ရပ်ကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အထူးတာဝန်ဖြစ်ပြီး ပြောင်းလဲသွားမှာမဟုတ်ဘူး”လို့ ပြောသွားပါတယ်။
ဂျပန်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တိုင်ဖွန်း ခါနန်ကို စိုးရိမ်မှုတွေကြောင့် ဒီနှစ်မှာတော့ အခမ်းအနားကို နာဂါဆာကီ ငြိမ်းချမ်းရေးဥယျာဉ်အစား မိုးလုံလေလုံ အဆောက်အဦတွင်းမှာပဲ ကျင်းပဖို့ နေရာပြန်ရွှေ့ခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်က ကမ္ဘာ့ပထမဆုံး နျူးကလီးယား တိုက်ခိုက်မှုအဖြစ် အမေရိကန် ဘီ-၂၉ ဗုံးကြဲလေယာဉ်က ဟီရိုရှီးမားမြို့မှာ ကြဲချလိုက်ပြီးနောက် ၃ ရက်အကြာမှာ နာဂါဆာကီမှာ အဏုမြူဗုံး ကြဲချခံခဲ့ရတာပါ။
ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် လူပေါင်း ၂၁၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ပိုင်းမှာ လူပေါင်းထောင်ချီဟာ ဒဏ်ရာတွေနဲ့ ဓာတ်ရောင်ခြည်သင့် ဖျားနာမှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။
ဂျပန်နိုင်ငံဟာ ၆ ရက်အကြာ သြဂုတ် ၁၅ ရက်မှာ လက်နက်ချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကို ဖြစ်စေခဲ့တဲ့ စစ်ရေးအရ ရန်စမှုတွေကို အဆုံးသတ်ခဲ့ပါတယ်။
Source - Reuters