မြန်မာနိုင်ငံပြဿနာကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ကို ဝင်ရောက်မှာမဟုတ်ဘူးလို့ မကြာခင်ကမှ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အရှေ့တီမောနိုင်ငံဝန်ကြီးချုပ် ရှာနာနာ ဂုစ်မာအိုက ပြောကြားလိုက်ပါတယ်။
“ကျနော်တို့က ဒီမိုကရေစီနည်းလမ်းအတိုင်း သွားတယ်။ ကျနော်တို့ဆီမှာ အကြမ်းဖက်မှုတွေ ရှိကောင်းရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာမျိုးတော့ မရှိဘူး။ ကျနော်တို့ရဲ့ သမ္မတရော၊ လွှတ်တော်အမတ်တွေရောဟာ ရွေးကောက်ခံတွေ ဖြစ်ကြပြီး ကျနော်တို့ဆီမှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာကျင့်သုံးနေကြောင်း ကမ္ဘာကိုပြနိုင်ခဲ့တယ်။ အာဆီယံအဖွဲ့ဝင်ဖို့အတွက် ကျနော်တို့ကို ကူညီထောက်ပံ့မှုတွေ ရနေပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီချိုးဖောက်မှုတွေ ရှိနေသေးတာကိုလည်း တွေ့နေရပါတယ်။ အဲဒါကြောင့် အရှေ့တီမောဟာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်အတိုင်း မပြောင်းမလဲရပ်တည်နေမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဘယ်အချိန်မှာ ပါဝင်လို့ရမလဲ ကျနော်တို့ကြည့်ပါမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို မထိန်းချုပ်နိုင်ဘဲနဲ့တော့ အာဆီယံအပေါ် ကျနော်တို့ အယုံအကြည်မရှိဘူးဆိုတာ အရှေ့တီမောရဲ့ ဝန်ကြီးချုပ်အနေနဲ့ ကျနော် ကြေညာလိုက်ပါတယ်။”
အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟောတာနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ဝန်ကြီးချုပ်ဂုစ်မာအိုက အခုလိုပြောခဲ့တာဖြစ်ပြီး သမ္မတဟိုဆေးရာမို့စ်ဟော်တာကတော့ အရှေ့တီမောနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ဩဂုတ်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက “အဖွဲ့ထဲက ပြဿနာတစ်ခုကို မဖြေရှင်းနိုင်သေးတာ တစ်ခုအတွက်နဲ့ ကျနော်တို့က အာဆီယံကိုကျောခိုင်းလိုက်မှာ မဟုတ်သလို အဖွဲ့ဝင်ဖို့လည်း ငြင်းဆန်မှာမဟုတ်ပါဘူး၊ ကျနော်ရော ဝန်ကြီးချုပ် ဂုစ်မာအိုရော ၂၀၂၅ နောက်ဆုံးထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ဖို့ ရည်ရွယ်ထားကြပါတယ်”လို့ ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် ဆယ်စုနှစ်တစ်ခုမက ကြာအောင် အရှေ့တီမောက တောင်းဆိုလာခဲ့ပြီး နောက်မှာ အဖွဲ့ဝင်အဖြစ်လက်ခံဖို့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အာဆီယံက သဘောတူခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံက အာဏာသိမ်းစစ်အာဏာရှင်တွေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ သဘောတူညီမှုရထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံက အစဉ်တိုက်တွန်းနေခဲ့ပေမဲ့ အောင်မြင်ခြင်းမရှိသေးပါဘူး။
၂ နှစ်သက်တမ်းရှိလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး ဒီပြဿနာကြောင့် အာဆီယံရဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က ကျင်းပတဲ့ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အရှေ့တီမောနိုင်ငံရဲ့ သမ္မတ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။
Source: Reuters