နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချထားတဲ့အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ သြဂုတ် ၈ ရက် ဒီနေ့ အထူးအယူခံကြားနာဖို့ ချိန်းဆိုထားပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
တရားရေးနဲ့နီးစပ်သူတဦးက “ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မနေ့က ရက်ရွှေ့ဆိုင်းကြောင်း ကြေညာလိုက်တယ်။ နောက် ဘယ်ရက်မှာ ကြားနာ မယ်ဆိုတာ ပြန်ကြေညာမယ်။ ဘာလို့ရွှေ့ဆိုင်းတာလည်းတော့ မသိဘူး” လို့ ပြောပါတယ်။
ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နဲ့ ပတ်သက်တဲ့ အမှုတွေကို ကြားနာမှာဖြစ်ပေမယ့် အခုလို ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် အမိန့်ချထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချထားတဲ့အမှုတွေထဲက ၅၀၅ (ခ) အမှု၊ သဘာဝဘေးအမှု၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးအမှုတွေအတွက် ၆ နှစ် ပြစ်ဒဏ်သက်သာခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ သဘာဝဘေးအမှုနဲ့ ၅၀၅(ခ)အမှုအတွက် ၄ နှစ်ပြစ်ဒဏ် သက်သာခွင့်ပေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သူတို့ရဲ့ ရှေ့နေတွေက အမှုတွေအတွက် ပြောဆိုဆွေးနွေးစရာတွေရှိလို့ တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းထားပေမယ့်လည်း စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်အတွင်းကနေ ဒုတိယ၀န်ကြီးအဆင့်ရှိသူတွေ နေထိုင်တဲ့ အဆောက်အဦတခုကို ပြောင်းရွှေ့ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ ကြားသိချင်းမရှိဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယ၀န်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေဆိုထားပါတယ်။