Home
မြန်မာသတင်း
ဘားအံဈေး ရေကြီး၊ အာရှလမ်း တောင်ပြိုလမ်းပိတ်၊ ကျိုက်ထီးရိုး တောင်ကျရေကြောင့် ကျေးရွာတံတား ပျက်စီး
DVB
·
August 8, 2023
Asia Road Block Heavy Rain 3
Asia Road Block Heavy Rain 4
Asia Road Block Heavy Rain 1
Asia Road Block Heavy Rain 5
Asia Road Block Heavy Rain 6
Asia Road Block Heavy Rain 7
Asia Road Block Heavy Rain 8

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်ဈေးမှာ ဩဂုတ် ၈ ရက် ဒီကနေ့မနက်  ၇ နာရီ အချိန်ကစပြီး ရေတွေ စတင်၀င်ရောက်လာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ရေပေါ်ဈေးဟာ ဘားအံမြို့ရဲ့ အကြီးဆုံးဈေးကြီးဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ ကုန်ခြောက်တွေကအစ ကုန်ပစ္စည်းအမျိုးအစား အစုံအလင်ရောင်းချပေးနေသလို လူစည်ကားတဲ့ ဈေးတစ်ခု ဖြစ်ပါတယ်။

ကုန်ခြောက်ရောင်းတဲ့ ဈေးသည် တစ်ဦးက “ရေတွေ ဝင်လာတကြောင့် ဈေးဆိုင်တွေ သိမ်းကုန်ပါပြီ။ ရေနဲ့ထိရင် ပျက်စီးတတ်တဲ့ ကုန်ခြောက်ဆိုင်တွေ ပစ္စည်းတွေ ထုတ်ပိုးပြောင်းရွှေ့ကြပြီ။ ကုန်စိုနဲ့ အသားငါးရောင်းတဲ့ ဆိုင်ခန်းတချို့လောက်ပဲ ကျန်‌ရှိနေတာ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်မှာ  သြဂုတ် ၁ ရက်နေ့ကစတင်ပြီး ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာ တစ်ပတ်လောက်ရှိနေပြီဖြစ်ပြီး ဘားအံမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။

ဘားအံမြို့နယ်၊ ကျောင်းကုန်းရွာ၊ နောင်ပလိန်ရွာနဲ့ ရွာသစ်ရွာတွေက ခြေတံရှည်အိမ် လှေကားနှစ်ထစ်အထိ ရေနစ်မြုပ်နေပြီး သောက်သုံးရေတွင်းတွေပါ နစ်မြုပ်နေတာကြောင့် မြို့ထဲကနေ ရေဝယ်သောက်နေရတယ်လို့ နောင်ပလိန်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“ရေကြီးနေတာ တပတ်လောက်ရှိနေပြီ၊ မြို့ထဲသွားရင် တကွေ့တပတ် အဝေးကြီးသွားရတယ်။ အဲဒီလိုမဟုတ်ရင် နောင်ပလိန်ကနေ ရွာသစ်ကို လှေနဲ့သွား ဟိုဘက်ရောက်ရင် ရေမကြီးတော့ဘူး၊ ဒီဘက်အပိုင်းပဲ ရေက တော်တော်ကြီးနေတာ။ သွားရေးလာရေးခက်ခဲနေတယ်။”

ရေကြီးနေတာကြောင့် အိမ်တွေမှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း ရွှေ့ပြောင်းထားရပြီး ခြေတံရှည်အိမ်က လူတွေကတော့ ရွေ့စရာမလိုဘူးလို့  သိရပါတယ်။

ဘားအံမှဦ မိုးရွာနေတာ သီတင်းတပတ်ကျော် ၁၀ ရက်လောက်ရှိသွားပြီဖြစ်ပြီး နေ့တိုင်းဆက်ပြီး မိုးရွာ​နေတာကြောင့် ရေကမကျပဲ တက်လာတာဖြစ်ပါတယ်။

ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေကလည်း စိုးရိမ်ရေမှတ် ၇၅၀ မီတာကိုကျော်လွန်ပြီး ၈၅၀ စင်တီမီတာထိ တက်လာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒထုတ်ပြန်ချက်အရသိရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်း ဒေါနတောင်တန်း ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီးမှာ ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းက ကားလမ်းပြိုကျပြီးနောက် ညနေပိုင်းမှာ ဒေါနတောင် ထပ်ပြိုတဲ့အတွက် ကားအသွားအလာအားလုံး ရပ်တန့်ထားရပါတယ်။

အာရှလမ်းပြိုပြီးနောက် ဘားအံ-မြဝတီ လမ်းဟောင်းဖြစ်တဲ့ နဘူး-ထို့ကော်ကိုး-ညီနောင် လမ်းပိုင်းကို အသုံးပြုဖို့ ဒေခံတွေ စီစဉ်ခဲ့ပေမဲ့ ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အဲ့ဒီလမ်းပိုင်းလည်း ထပ်မံပျက်စီးခဲ့ပါတယ်။

အာရှလမ်းမှာ တောင်ထပ်ပြိုသွားတဲ့နေရာက လမ်းပျက်စီးသွားတဲ့နေရာထက် အခြေအနေ ပိုဆိုးပြီး ရှင်းလင်းဖို့ ကြာဦးမယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မြဝတီမြို့ခံတယောက်က“အာရှလမ်း အခြေအနေကလည်း ကြာဦးမှာဆိုတော့ မနေ့က ထို့ကော်ကိုးလမ်းကို သုံးမလို့ စီစဉ်ကြတယ်။ လမ်းက မသုံးတာကြာတော့ ပျက်စီးနေပြီး မနေ့ကတော့ တချို့ကားတွေ ဖြတ်ကြသေးတယ်။ ဒီမနက် အဲ့ဒီလမ်းမှာ တံတားထပ်ကျိုးသွားတော့ သုံးစရာ ဘယ်လမ်းမှ မရှိတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့  မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနဲ့ ဆောင်နိုင်ကြီးရွာဆက် ဝက်ဝံချောင်းတံတားဟာလည်း ဩဂုတ် ၇ ရက် ညနေ ၆ နာရီက ကျိုက်ထီးရိုးတောင်ကျရေကြောင့် ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ဆောင်နိုင်ကြီးရွာခံတဦးက “မြို့ကို စျေးဝယ်သွားရင် ဒီလမ်းကိုပဲ သုံးရတာ။ ရွာခံတွေ ဒုက္ခ များရပါတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ကျိုက်ထိုမြို့နယ် အပါအဝင် တခြားမြို့တွေမှာလည်း ရေကြီးရေလျှံ  ဖြစ်ပေါ်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024