တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပလစစ်ဆေးရေး စစ်တပ်ဂိတ်ကနေ သြဂုတ် ၇ ရက် မနက် ၈ နာရီခွဲလောက်မှာ ဘိုင်းပြင်ရွာနဲ့ ဇရပ်ဆိပ်ရွာထဲကို လက်နက်ကြီးနဲ့ ၇ ချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ လူနေအိမ် ထိခိုက်ပျက်စီးတာ မရှိပေမဲ့ လူနေအိမ် အနီးနားဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပုလောမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်နေတာ သာမန်ဖြစ်စဉ်လို ဖြစ်နေပြီ” လို့ ပြောပါတယ်။
ဇူလိုင် ၁၅ ရက်၊ ည ၁၂ နာရီခွဲလောက်ကလည်း ပုလောမြို့နယ်၊ မှော်ကြောင်းရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာမှာ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ ရိက္ခာသယ်လာတဲ့ မော်တော်ကားတစီးကို လောင်းလုံးပကဖက တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ် ကုလားဘိုးတောင်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းနဲ့ စမ်းလှမ်းရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်တွေအတွက် ရိက္ခာနဲ့ စက်သုံးဆီကို ထားဝယ်မြို့က ဝယ်ယူပြီးအပြန် လောင်းလုံးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက “ပစ်ခတ်မှုဖြစ်ပြီး မကြာမီ စစ်ကူ ဆင်းလာတာကြောင့် ကားရော၊ ပစ္စည်းတွေရော ဘာမှမလုပ်ခဲ့ပါဘူး။ ကားကလည်း အရပ်သားကား ချောဆွဲထားတာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ထားဝယ်မြို့ပေါ်နေသူ ကိုမျိုးဇော်လတ်ဟာ ဇာတိ မြခါးပတ်ရွာကို ရောက်နေချိန် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အရပ်သားသေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူဝမ်းနည်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်ယူပေးသွားမယ်လို့ လောင်းလုံးပကဖက ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ အာဏာသိမ်းပြီးနောက် ပဋိပက္ခဖြစ်စဥ်တွေကြား အရပ်သား ထိခိုက်သေဆုံးမှု ပမာဏ အများဆုံးမြို့နယ်ဟာ လောင်းလုံးမြို့နယ်ဖြစ်တယ်လို့ ဒေသတွင်း ပဋိပက္ခဖြစ်စဥ်တွေကို သုတေသနပြုနေတဲ့ အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။