အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (ARSC) ကို တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၉၀ ကျော်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သြဂုတ် ၈ ရက်မှာ ARSC က ထုတ်ပြန်လိုက်ပါတယ်။
အညာဒေသ မဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ့ (ARSC) ကို ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်၊ ဒေသခံ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ ဒေသအကျိုးလိုလားတဲ့ တတ်သိပညာရှင်တွေနဲ့ သြဂုတ် ၈ ရက်မှာ ပူးပေါင်းဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ARSC ဟာ NUG ရဲ့ ဦးဆောင်မှုအောက်မှာ ရပ်တည်သွားမှာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင် အင်အားစု၊ နိုင်ငံရေးအင်အားစုတွေ စုစည်းပြီး ဗျူဟာမြောက် နိုင်ငံရေးလှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှုတွေကို အကောင်အထည် ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။
ARSC ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးသာမက အနာဂတ် အာဏာရှင်စနစ် လူမျိုးကြီးဝါဒ ပေါ်ထွန်းမလာစေရေးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်သလို လူမျိုးစုတခုက နိုင်ငံရေးအာဏာစိုးမိုးမှုကို ဆန့်ကျင်ကာ လူမျိုး၊ ဘာသာ၊ အသက်၊ လိင်စိတ်၊ မသန်စွမ်းမှုကို အခြေခံတဲ့ ခွဲခြားမှုတွေကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
Anyar Region Strategic Command - ARSC ဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို အခြေခံတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ကာ ပျော်ရွှင်ချမ်းသာတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် လူမျိုး၊ ဘာသာ၊ ယဥ်ကျေးမှု၊ လိင်ခွဲခြားမှုမရှိတဲ့ တိုင်ရင်းသားအချင်းချင်း တန်းတူညီမျှမှုကို အခြေခံပြီး တည်ဆောက်မှသာ ရေရှည်တည်တံ့ ခိုင်မြဲမယ်လို့ ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။
တိုင်းရင်းသားညီနောင်တွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မိဘပြည်သူတွေ အနေနဲ့လည်း ARSC ကို အကူအညီပေး ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။
မြိုင်ဒေသ အပါအဝင် အညာဒေသအတွင်း စစ်ရေးမဟာဗျူဟာ စီမံချက်တွေကို အကောင်အထည်ဖော်ဖို့ Anyar Region Military Command - ARMC ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပြီး အဲဒီအဖွဲ့ရဲ့အောက်မှာ ပကဖ၊ မြိုင် PDF နဲ့ ဒေသခံ Local အဖွဲ့ပေါင်း ၉၀ ကျော် ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။