နာမည်ကြီး ရှမ်းတေးရေးဆရာ စိုင်းဆိုင်လောဝ်ဆိုင် (ခ) ဦးကျော်ဇံဟာ ဩဂုတ် ၇ ရက် ညနေက ကွယ်လွန်သွားပါတယ်။
စိုင်းဆိုင်လောဝ်ဆိုင် (ခ) ဦးကျော်ဇံဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရကက ၂၁၊ မိုးကြိုးကွက်သစ်၊ ဒေါနလမ်းမ၊ လမ်းသွယ် ၄ ရှိ နေအိမ်မှာ နေထိုင်တာဖြစ်ပြီး ဩဂုတ် ၇ ရက်၊ မနေ့ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က နာမည်ကြီး ရှမ်းသီချင်းတေးရေးဆရာ စိုင်းဆိုင်လောဝ်ဆိုင် (ခ) ဦးကျော်ဇံ ကွယ်လွန်ခဲ့တယ်လို့ ရှမ်းဂီတအသိုင်းအဝိုင်းက ပြောပါတယ်။
တေးရေး၊ တေးဆို စိုင်းဆိုင်လောဝ်ဆိုင် (ခ) ဦးကျော်ဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ် ရှိနေပြီဖြစ်ပြီး အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ အစ်ကိုအကြီးဆုံး ဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်ကတည်းက ညီဖြစ်သူ အဆိုတော် စိုင်းဆိုင်မောဝ်အတွက် သီချင်းရေးပေးခဲ့တာလို့ သိရပြီး ကွယ်လွန်ချိန်မှာ ရှမ်းသီချင်းအပုဒ် ၂,၀၀၀ ကျော်၊ မြန်မာသီချင်း အပုဒ် ၃၀ ကျော်နဲ့ ရှမ်းဗုဒ္ဓဝင်အောင်ခြင်းရှစ်ပါး စီးရီးတခွေကိုလည်း ကိုယ်တိုင်ရေးဆို ထွက်ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
သန္တိသုခအသင်း တာဝန်ရှိသူတဦးက “မိုးကြိုးကွက်သစ်၊ ဒေါနလမ်းသွယ် ၄ က နေအိမ်မှာပဲ ရုပ်အလောင်း ထားရှိပါတယ်၊ နာရေးကို ၈ မိုင်သုသာန်မှာပဲ ပြုလုပ်မှာပါ” လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ ၁၇ နေ့က ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ ပိဋကတ် ရှမ်းဘာသာပြန်အဖွဲ့ချုပ်၊ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော်၊ ရွှေရတုစာပြန်ပွဲတော်မှာ တေးရေး စိုင်းဆိုင်လောဝ်ဆိုင်ဟာ ရှမ်းအနုပညာရှင် ထူးချွန်ဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ၈ မိုင်သုသာန်မှာ ဩဂုတ် ၉ ရက်၊ မွန်းလွဲ ၂ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။