Home
မြန်မာသတင်း
ရှစ်လေးလုံး ၃၅ နှစ် အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်၊ ကလေးမြို့၌ စစ်တပ်က ကင်းပုန်းချ စစ်ဆေး
DVB
·
August 8, 2023
88_Redumb_882023
8888_08082023

ဩဂုတ် ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ် လှုပ်ရှားတွေကို ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာ ပြုလုပ်နေရာမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ စစ်တပ်က မြို့တွင်း နေရာအနှံ့အပြားမှာ လုံခြုံရေး တင်းကျပ်ထားပြီး ကင်းပုန်းချ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ ဘုရင့်နောင်လမ်းမပေါ်က စကားလှဘုန်းကြီးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်က နှင်းသက်သက်ဝေ စတိုးဆိုင်ရှေ့၊ ကားကြီးဝင်းအနီးက ဘူတာလမ်းဆုံထောင့်နဲ့ တံတားဦးဘက် စံပြလမ်းထောင့် စတဲ့ မြို့တွင်းနေရာ အနှံ့အပြားမှာ လမ်းသွားလမ်းလာတွေကိုရော ခရီးသည်တင်ကားတွေကိုပါ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကလေးမြို့ ဒေသခံတဦးက “မြို့ထဲမှာ သပိတ်အဖွဲ့တွေ ဆန္ဒပြနေကျ နေရာတွေမှာ အဓိက‌ စစ်ဆေးနေတာ။ ရှစ်လေးလုံး ၃၅ နှစ်ပြည့်နေ့ကြောင့် ဖြစ်နိုင်တယ်။ ဖုန်းတွေကို အဓိကထား စစ်‌တာဗျ။ ဆိုင်ကယ်တူးဘောက်တွေ လှန်ပြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့မှာ အာဇာနည်‌နေ့၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေ့တွေဆိုရင် မြို့တွင်း နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်က လုံခြုံရေး အများအပြား ချထားပြီး ကင်းပုန်းစစ်ဆေးလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မနက်ပိုင်းကလည်း ကလေးမြို့ မြို့မဈေးမှာ ပန်းပန်ထားတဲ့ အမျိုးသမီး ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

ဒီနေ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် အပါအဝင် နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာလည်း လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်လူထုသပိတ် လူငယ်တွေက ‘၈’ ဂဏန်းနဲ့ ‘တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ’ စာတန်းပါ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က အဖွဲ့ဝင်လူငယ်တွေ ပူးပေါင်းပြီး ဓာတ်ပုံကမ်ပိန်း လှုပ်ရှားမှုတခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ကွန်ရက်အဖွဲ့ တာဝန်ခံတယောက်က “၈၈၈၈ ဆိုတာက နွေဦးတော်လှန်ရေးကို ပျိုးထောင်ပေးခဲ့တဲ့ မျိုးစေ့ဖြစ်တယ်ပေါ့နော်။ မဆလ တပါတီကိုလည်း လူထုအားနဲ့ တော်လှန်ခဲ့တဲ့ နေ့တနေ့လည်း ဖြစ်တယ်ပေါ့။ အဲ့ ၈၈၈၈ စိတ်ဓာတ်တွေနဲ့အတူ နွေဦးတော်လှန်ရေးကို ပိုပြီးအားကောင်းစေဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

၁၉၈၈ မှာ ပြည်သူတွေ ဆန္ဒပြလို့ အာဏာသိမ်းတာဖြစ်ပြီး ၂၀၂၁ မှာက အာဏာသိမ်းလို့ ပြည်သူတွေ လမ်းပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် တော်လှန်ရေးက မျိုးစေ့မှန်ပြီး အပင်သန်ကာ အောင်မြင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နွေဦးတော်လှန်ရေးအပေါ် အလေးထား ပါဝင်ဖို့လည်း ကွန်ရက်ကနေ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က မြန်မာနိုင်ငံအနှံ့ရှိ အကျဥ်းကျခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအတွက် ထောင်ဝင်စာပေးပို့တာတွေ၊ လိုအပ်တဲ့အရာတွေ ကူညီပံ့ပိုးပေးတာတွေကို ပြုလုပ်ပေး​နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

မဆလ တပါတီ အာဏာရှင်ကို ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အုံကြွတော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ် လှုပ်ရှားတွေကို  မြန်မာနိုင်ငံတွင်းမှာသာမက အမေရိကန်၊ ဂျပန်၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတွေမှာလည်း ပြုလုပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024