ယူကရိန်းနိုင်ငံအရှေ့ပိုင်း ပေါ့ခ်ရော့ဗ်စ်ခ်မြို့ရှိ လူနေအိမ် အဆောက်အအုံတွေကို ရုရှားဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။
ကလီမန်ကိုရဲ့ အဆိုအရ ပထမဒုံးကျည်တိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ဒုတိယတိုက်ခိုက်မှုအတွင်း ဒွန်နက်စ်ခ် အရေးပေါ်ဌာန အရာရှိတဦး သေဆုံးခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ကလီမန်ကိုက ပြောပါတယ်။
ကူပျန့်စ်ခ်ခရိုင်ရှိ ကရူလီယာကိဗ်ကာ ရွာမှာလည်း ရုရှားတိုက်ခိုက်မှုကြောင့် နောက်ထပ် သေဆုံးသူ ၂ ဦးရှိကြောင်း ယူကရိန်းသမ္မတရုံး အုပ်ချုပ်ရေးဌာန အကြီးအကဲ အန်ဒရီ ယာမက်ခ်က ပြောထားပါတယ်။
ရုရှားဟာ သူ့ရဲ့ Iskander ဒုံးကျည်တွေကို သာမန် လူနေအဆောက်အအုံတွေဆီ ပစ်ခတ်ခဲ့တာကြောင့် ဒွန်နက်စ်ခ်ဒေသရှိ ပြည်နယ်အရေးပေါ်ဌာနရဲ့ လက်ထောက် အကြီးအကဲ ဗိုလ်မှူးကြီး အန်ဒရီး အိုမလ်ချန်ကိုနဲ့ အရပ်သားပြည်သူတွေ အသေအပျောက် များခဲ့ရပြီး အခင်းဖြစ်တဲ့နေရာမှာပဲ ကယ်ဆယ်ရေး လုပ်ဆောင်နေကြကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ရေးသားထားပါတယ်။
Source - Reuters