Home
ဆောင်းပါး
စစ်တပ်က သူတို့ဝါဒဖြန့်သလို အမျိုး၊ ဘာသာ၊ သာသနာကို တကယ်ရော ကာကွယ်စောင့်ရှောက်နေသလား
DVB
·
August 8, 2023
Article 2
image-3
image-2
image-1
image

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ စကားဟာ မြန်မာနိုင်ငံကို အစဉ်အဆက် အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ လက်ထက်ကတည်းကနေ လက်ရှိ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ခေတ် ရောက်တဲ့အထိ ခေါင်းဆောင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေဆီကနေ ပုံစံမျိုးစုံနဲ့ မြင်ရ၊ ကြားရတဲ့ စကားတခွန်း ဖြစ်ပါတယ်။

NLD ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို မဲမသမာမှုနဲ့ စွပ်စွဲပြီး နိုင်ငံကို အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း သူ့ရဲ့မိန့်ခွန်းတွေ၊ ဖြေကြားချက်တွေမှာ ဒီစကားကို အမြဲလိုလို ထည့်သွင်းပြောဆိုလေ့ ရှိတဲ့အပြင် စစ်တပ်ပိုင် မီဒီယာတွေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သာသနာပြု မင်းတပါးအဖြစ် ပြည်သူလူထုကို ဖော်ပြလေ့ရှိပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမှာ စစ်တပ်ပါဝင်ပတ်သက်မှု

လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ရင် ထိရှလွယ်တဲ့ သမိုင်းနောက်ခံရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ အတိတ်မှာလည်း လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတချို့ ရှိခဲ့တာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေကလည်း ကြီးကြီးမားမား ရှိခဲ့တာပါ။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံဟာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အစိုးရတရပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိလာခဲ့ပြီး အရင်လို စိတ်ကြိုက်ခြယ်လှယ်ခွင့် မရှိတော့တဲ့ မြန်မာစစ်တပ်ဟာ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အမုန်းတရားနဲ့ ဝါဒဖြန့်မှုတွေ များစွာပြုလုပ်ကာ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ အမြင်သာဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီး ဒီဖြစ်စဉ်မှာ လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီအချိန်တွေကတည်းက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရေးအတွက်လို့ ဆိုကာ လူမျိုးခြား၊ ဘာသာခြားတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုတာတွေကို ခံခဲ့ရသလို အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ စကားနဲ့ ဗုဒ္ဓဘာသာဝင် တချို့ကို ဝါဒမှိုင်းတိုက်ကာ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းတရားတွေကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဝါဒဖြန့်မှုနဲ့ လက်တွေ့အခြေအနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တဖက်မှာ စစ်အုပ်ချုပ်ရေးကို တော်လှန်တဲ့ ပြည်သူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တဦး ဖြစ်ပေမဲ့ တဖက်မှာတော့ ဘာသာရေးလုပ်ငန်းတွေဖြစ်တဲ့ ဘုရားတည်တာ၊ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လှူဒါန်းတာတွေအပြင် အလှူအတန်း များစွာကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာသေးမီကပဲ ကမ္ဘာ့အကြီးဆုံး  စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကို အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင် အကုန်အကျခံကာ နေပြည်တော်မှာ တည်ထားခဲ့တာဖြစ်ပြီး ဒီလို တည်ထားရတာဟာ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပမှု ရှိတဲ့အကြောင်း ကမ္ဘာကိုပြသဖို့အတွက် ဖြစ်တယ်လို့လည်း စစ်တပ်ပိုင် မီဒီယာတွေနဲ့ သတင်းစာတွေက ဖော်ပြကြပါတယ်။

ပုံ - စစ်ခေါင်းဆောင် တည်ထားမည့် ဗုဒ္ဓရုပ်ပွားတော်အား စစ်တပ်ပိုင်သတင်းစာက ဖော်ပြပုံ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီလို ဘာသာတရားကိုင်းရှိုင်းမှုတွေ ပြုလုပ်ကြောင်း စစ်တပ်ပိုင် မီဒီယာတွေက ထုတ်လွှင့်နေပေမဲ့ တဖက်မှာတော့ သူခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနှံ့မှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေနဲ့ အထွတ်အမြတ်ထားရာ နေရာတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဒေသတွေမှာပါ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လကထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာတရားဥပဒေကော်မရှင် (ICJ) ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးဆိုင်ရာအဆောက်အဦ များစွာပျက်စီးခဲ့ရတာဖြစ်ပြီး အဲ့ဒီအထဲမှာမှ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အဦတွေဟာ အများဆုံး ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ICJ က ကောက်ယူထားတဲ့ စာရင်းအရ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာ အဆောက်အဦပေါင်း ၉၄ ခုအထိ ပျက်စီးခဲ့ရပြီး မြန်မာနိုင်ငံတွင်းက ကိုးကွယ်မှုအများဆုံး ဘာသာကြီးလေးခုအနက် ထိခိုက်ပျက်စီးမှု ပမာဏ အများဆုံး ဖြစ်ပါတယ်။ ဒုတိယအများဆုံးအနေနဲ့ ခရစ်ယာန်ဘာသာရေးအဆောက်အဦ ၈၇ ခု ပျက်စီးခဲ့ရပြီး အစ္စလာမ်ဘာသာရေး အဆောက်အဦ ၆ ခုနဲ့ တခြားဘာသာရေးအဆောက်အဦ ၃ ခုတို့ဟာလည်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ပုံ - စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ ဘာသာရေးအဆောက်အဦ အရေအတွက်

ဒါ့အပြင် အများဆုံး ဖျက်ဆီးခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ အဆောက်အဦတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်းအတွင်းကဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာတင် ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာ အဆောက်အဦပေါင်း ၄၆ ခုအထိ ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ အဲ့ဒီနောက် ရှမ်းပြည်နယ်မှာ ၁၁ ခု၊ ကရင်ပြည်နယ်မှာ ၁၂ ခု၊ ကချင်ပြည်နယ်မှာ ၅ ခု၊ မွန်ပြည်နယ်မှာ ၇ ခု၊ ချင်း၊ ကယား (ကရင်နီ) နဲ့ မကွေးတို့မှာ ၄ ခုစီ အပြင် ရခိုင်နဲ့ တနင်္သာရီတို့မှာ ၂ ခုစီ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရောမဥပဒေအရ စစ်ရေးအတွက် ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထားတာ မဟုတ်တဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ပရဟိတ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကတော့ မြန်မာနိုင်ငံတွင်းက ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီးတာ၊ မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ သာသနာရေးဆိုင်ရာ ကိစ္စတွေနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိစ္စတွေမှာ သံဃာတော်တွေဟာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး သံဃာတော်တွေ သီတင်းသုံးရာ ဘုန်းကြီးကျောင်းတွေဟာလည်း ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်ထားရာ နေရာတွေ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေ ဆည်းကပ်ကိုးကွယ်တဲ့ ဆရာတော်တွေကိုလည်း အလှူအတန်းတွေ များစွာပြုလုပ်ခဲ့တဲ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ သီတဂူဆရာတော်ကြီးကိုဆိုရင် ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာစေတီတဆူ တည်နိုင်ရေး အထောက်အပံ့များစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဝစီပိတ်ဆရာတော်၊ သီတဂူဆရာတော်၊ အရှင်ဆေကိန္ဒနဲ့ မိုင်းဖုန်းဆရာတော်တို့လို လူသိများတဲ့ ဘုန်းကြီးတွေနဲ့ မကြာခဏ အတူတွဲမြင်ရလေ့ရှိပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ခေါင်းဆောင်တဦးအဖြစ် အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်တဲ့အကြောင်းကို စစ်တပ်မီဒီယာတွေကနေ‌ ဖော်ပြခဲ့ကြပါတယ်။

မင်းအောင်လှိုင်ရဲ့ လူထုထောက်ခံမှု ပြန်လည်ရရှိဖို့အတွက် ကြိုးစားမှုအဖြစ်လည်း မန္တလေးမြို့က ဘုန်းကြီးကျောင်းများစွာကို မကြာခဏ သွားရောက်လည်ပတ်ပြီး လှူဒါန်းမှုတွေ ပြုလုပ်တဲ့အကြောင်းကို စစ်တပ်ပိုင်မီဒီယာတွေက နေ့စဉ်နီးပါး ဖော်ပြခဲ့ကြတာပါ။ ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ အဲ့ဒီအချိန်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌဆရာတော် ဖြစ်ခဲ့တဲ့ ဗန်းမော်ဆရာတော်နဲ့လည်း တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆရာတော်ရဲ့ ကျောင်းအတွက် အလှူအတန်းတွေလည်း များစွာပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ စစ်တပ်မီဒီယာတွေက ရေးသားထုတ်ဝေခဲ့ကြပါတယ်။

ပုံ - စစ်တပ်ပိုင်သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း ဖော်ပြချက်တချို့

ဒါပေမဲ့ မန္တလေးမြို့က ဆရာတော်တပါးဖြစ်တဲ့ အရှင်အဂ္ဂဝံဿကတော့ စစ်တပ်ရဲ့ ဗုဒ္ဓဘာသာဟာ အတုအယောင်သာဖြစ်ပြီး သူတို့တွေကို ဗုဒ္ဓဘာသာဝင်တွေလို့ ခေါ်ဆိုဖို့တောင် မတန်ဘူးလို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာတွေဟာ တခြားသူတွေကို သတ်ဖြတ်မှုတွေ မပြုလုပ်တာကြောင့် သူတို့ရဲ့လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆရာတော်က Al Jazeera ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး စော်ကားမှု ပြုလုပ်သူတွေကို အရေးယူမှုတွေ ပြုလုပ်မယ် ဆိုတဲ့အကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကို နှုတ်အားနဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း၊ အင်တာနက်ပေါ်ကဖြင့် လည်းကောင်း စော်ကားမှုပြုလုပ်တဲ့ မည်သူ့ကိုမဆို အရေးယူ အပြစ်ပေးခံရမယ် ဖြစ်တဲ့အကြောင်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ စစ်တပ်ပြန်ကြားရေးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ၂၀၂၃ ခုနှစ် နှစ်စဉ်အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းတဲ့ အချိန်ကစလို့ လွန်ခဲ့တဲ့ မေလအထိ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဘာသာရေးဆိုင်ရာ အဆောက်အဦပေါင်း အနည်းဆုံး ၅၀ ကို ဝင်ရောက်စီးနင်း ဖျက်ဆီးမှုတွေ ပြုလုပ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဓမ္မနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သံဃာတော်တွေအကြောင်း စာရင်းပြုစုမှုအရ အာဏာသိမ်းပြီး ၈ လကျော် အတွင်းမှာ သံဃာ ၃၆ ပါးအထိ စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ICJ က ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှု၊ ပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောရေးတွေမှာ နှိပ်စက်မေးမြန်းမှုတွေကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃၃ ပါး၊ ကိုရင် ၃ ပါး၊ မယ်သီလရှင် ၃ ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး ၅ ပါးနဲ့ အစ္စလာမ်ဘာသာရေးဆရာ ၅ ပါးတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီလို စစ်အာဏာသိမ်းမှုကို မထောက်ခံတဲ့ သံဃာတော်တွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ပေမဲ့ စစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံအတွင်းက လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို ဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ ဦးဝီရသူလို ဘုန်းကြီးတွေကိုတော့ အာဏာမသိမ်းမီ ဖမ်းဆီးထောင်ချထားရာကနေ စစ်တပ်က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် စစ်တပ်ရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တယ် ဆိုတာဟာ သူတို့ကိုထောက်ခံတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းအတွင်းက သူတွေကိုသာ ကာကွယ်စောင့်ရှောက်နေတယ် ဆိုတာကို မြင်သာစေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းသတင်းတွေအရလည်း အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်စီးနင်းတာ၊ စစ်တပ်ရဲ့ တပ်စခန်းအဖြစ် အသုံးပြုတာ၊ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်တာတွေအပြင် သံဃာတော်တွေကိုပါ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။

ICJ ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ဧပြီလအထိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၄၃ ကျောင်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ရှာဖွေတာတွေနဲ့ စစ်ဆေးတာတွေကို အတင်းအဓမ္မ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်း ၁၅ ခု၊ အစ္စလာမ် ဘာသာရေးဆိုင်ရာ နေရာ ၅ ခုနဲ့ ဟိန္ဒူဘုရားကျောင်းတခုတို့ကိုလည်း စစ်အုပ်စုရဲ့ တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်ခဲ့ပြီး မတရားဖမ်းဆီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ပုံ - စစ်တပ်ဝင်စီးခြင်းခံရတဲ့ ဘာသာရေးအဆောက်အဦ အရေအတွက်

ဒါတင်မကဘဲ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံတွင်းက ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းရာ နေရာတွေမှာ ဝင်ရောက်စခန်းချတာတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် ၁၂ ခုအတွင်းက ဘာသာရေးအဆောက်အဦပေါင်း ၁၁၀ ထက်မနည်းကို စစ်တပ်ရဲ့ တပ်စခန်းတွေအဖြစ် အသုံးပြုခဲ့တယ်လို့ ICJ ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ အဲ့ဒီစာရင်းရဲ့ နေရာပေါင်း ၁၀၀ ဝန်းကျင်ဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေဖြစ်ပြီး အထူးသဖြင့် ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ဘာသာရေးဆိုင်ရာ နယ်မြေတွေအတွင်း စစ်တပ်က စခန်းချမှုတွေ ပြုလုပ်ရာမှာ သက်ဆိုင်ရာ ဘာသာရေးဆိုင်ရာနေရာရဲ့ အကြီးအကဲဖြစ်သူ သို့မဟုတ် ဘုန်းတော်ကြီးတွေဆီက ခွင့်ပြုချက်နဲ့ စခန်းချတာမျိုး ပြုလုပ်တာမဟုတ်ဘဲ အတင်းအဓမ္မ ဝင်ရောက်စီးနင်း တပ်စွဲခဲ့တာဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ ဘုန်းကြီးကျောင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ခိုအောင်းနေတာ ဖြစ်နိုင်တဲ့အတွက် ဝင်ရောက်စီးနင်း ရှာဖွေတတ်ပြီး တချို့အခြေအနေတွေမှာတော့ စစ်တပ်ရဲ့ ရိက္ခာဖြည့်တင်းဖို့အတွက် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် စစ်ရေးအသာစီး ရရှိရေးအတွက် ဘုန်းကြီးကျောင်းတွေ အပါအဝင် ဘုရားနဲ့ တခြား ဘာသာရေးဆိုင်ရာ အဆောက်အဦတွေမှာ နေရာယူ တပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ဖြစ်စဉ်တွေအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပေါ်မှာ စခန်းချ တပ်စွဲတာ၊ ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကိုင်းက ဘုန်းကြီးကျောင်းတွင်း ဝင်ရောက်ပြီး ဥပုသ်စောင့်သူတွေကို ဝင်ရောက်စစ်ဆေးတာ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ ဆင်ဖြူချပ် ပရဟိတနဲ့ ဘကကျောင်းဆရာတော်ကို စစ်တပ်က အတင်းအကျပ် ကျောင်းကနေ စွန့်ခွာခိုင်းတာတွေအပြင် ၂၀၂၂ ဇန်နဝါရီ ၁၆ ရက်မှာ ဆောမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်စီးပြီး ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာတွေအထိပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးခံရတာတွေဟာ  စစ်ခေါင်းဆောင်ရဲ့ ပြောစကားဖြစ်တဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရေး ဆိုတာနဲ့ ကွဲလွဲနေတာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ပြည်သူတွေကို ဝါဒဖြန့်မှုတွေဟာ သူ့တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်အုပ်ချုပ်ရေးကို တော်လှန်သူမှန်သမျှကို တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဘာသာရေး အဆောက်အဦတွေပါ မရှောင် စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ ဘာသာရေးအဆောက်အဦတွေဟာ စစ်ပွဲတွေအတွင်း အထူးသီးသန့်ထားရမယ့်နေရာတွေ ဖြစ်ပေမဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဘုရားကျောင်းကန်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေနဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဥပဒေတွေအရ ဒီလိုနေရာတွေကို တိုက်ခိုက်မှုကို ပြုလုပ်တဲ့တပ်ဖွဲ့ သို့မဟုတ် ပြုလုပ်သူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ယူပြီး အပြစ်ပေး ထိန်းသိမ်းမှုတွေ လုပ်ရမှာဖြစ်ပေမဲ့ အာဏာသိမ်းစစ်တပ်ကတော့ အခုချိန်ထိ ပြုလုပ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်အုပ်ချုပ်ရေးကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေတဲ့ လူမျိုးမတူ၊ ဘာသာမတူတဲ့ ဒီမိုကရေစီ လိုလားသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဝါဒဖြန့် သွေးခွဲတဲ့ နည်းစနစ်မျိုးစုံသုံးကာ ပြည်သူတွေအကြား အမုန်းတရားတွေ ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။

စစ်တပ်ပိုင် မီဒီယာတွေဖြစ်တဲ့ သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေလည်း စစ်တပ်ရဲ့ မဟုတ်မမှန် သတင်းတွေကို ဆက်လက်ဖြန့်ချိနေဆဲ ဖြစ်သလို စစ်တပ်ထောက်ခံသူတွေရဲ့ အင်တာနက် လူမှုကွန်ရက်တွေက တဆင့်လည်း ဗုဒ္ဓဘာသာဝင်အချင်းချင်းအကြား၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေအကြား၊ တိုင်းရင်းသားလူမျိုးစုတွေအကြားကို အမုန်းတရား ဖြန့်ဝေမှုတွေ များစွာ ဆက်လက်လုပ်ဆောင်နေလျက်ရှိတာ ဖြစ်ပါတယ်။

ဝေမိုး

ကိုးကား—

•    Violations of the right to freedom of religion and belief since the coup d’état in Myanmar: A briefing paper June 2023 reported by ICJ

•    USCIRF–RECOMMENDED FOR COUNTRIES OF PARTICULAR CONCERN (CPC)

•    Myanmar Coup: Military Regime Seeks to Weaponize Religion by United States Institute of Peace

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024