မွန်ပြည်နယ်၊ ဘီးလင်း၊ သထုံနဲ့ ကျိုက်မရော စတဲ့မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာလို့ ရက်အတော်ကြာ ရေနစ်မြုပ်ခံရတဲ့လယ်မြေတွေမှာ စပါးပင်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
ဇူလိုင်လကုန်ကနေ ဩဂုတ် ၇ ရက်အထိ သီတင်းတပတ်ကျော်ကြာ ရေကြီးနစ်မြုပ်နေတဲ့ အနိမ့်ပိုင်း လယ်ကွင်းတွေမှာ စပါးတွေ ပျက်စီးထိခိုက်မှုတွေနဲ့ကြုံတွေ့နေရတာလို့ ဘီးလင်းဒေသခံ တောင်သူတယောက်က ပြောပါတယ်။
ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့နယ်အတွင်းက တဘက်ဆွဲ၊ နှင်းပုလဲ၊ ရွှေလှေ၊ ညောင်ပလ္လင်၊ လိပ်ခုံး စတဲ့ ကျေးရွာတွေမှာ စပါးစိုက် လယ်ဧကတွေ ရာနဲ့ချီ ရေဘေးသင့်ခံနေရပါတယ်။
သထုံမြို့နယ်မှာလည်း ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောကြီးကျေးရွာအုပ်စု အပါအဝင် ဆက်စပ်ကျေးရွာအုပ်စုတွေမှာ မိုးစပါးစိုက်ဧရိယာအများအပြား ဇူလိုင်လကုန်ပိုင်းက စတင်ကာ ရေကြီးနစ်မြုပ်ခံနေရပါတယ်။
လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးလာမှုနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် တောင်သူအများစုဟာ ပျိုးထောင်စိုက်ခင်းအစား အစေ့ဖောက်ကြဲခင်းနဲ့သာ မိုးစပါးကို ရာသီချိန်အလျောက် စိုက်ပျိုးကြပြီး ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံစတဲ့ ဆောင်းသီးနှံတွေကိုလည်း စိုက်ပျိုးလေ့ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒါ့အပြင် ကျိုက်မရောမြို့နယ်မှာလည်း အတ္ထရံမြစ်ရေ တိုးမှုကြောင့် အနိမ်ပိုင်းရပ်ကွက်ရှိ လူနေအိမ်တွေထဲကို ရေ နှစ်ပေလောက် ဝင်ရောက်နေရာမှာ ဩဂုတ် ၇ ရက်က ကျိုက်မရောမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၇ ရွာလောက်က လူနေအိမ်ခြေ စုစုပေါင်း ၃၄၀၀ ကျော် ရေဘေးသင့်ခဲ့ကြပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာလည်း မနေ့က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းလို့ အမှတ်(၅)ရပ်ကွက်က ရေဘေးသင့်ပြည်သူ ၁၅၈ ယောက်ကို ကယ်ဆယ်ရေးသမားွေက ရေဘေးလွတ်ရာ ပြောင်းရွေ့ပေးထားရပါတယ်။ ဒါ့ပြင် ရေတိုက်စားပြီး တောင်ပြိုမှုတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပါ ပျက်စီးသွားပါတယ်။