Home
မြန်မာသတင်း
တောင်ကိုရီးယားတွင် မြေသယ်ကားအတိုက်ခံရပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံး
DVB
·
August 8, 2023
363420739_263006109808296_3666821776947622405_n

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဆန်းတောင်ပိုင်းပြည်နယ်၊ ဟာ့ချောင်းဂွန်ရှိ တံတားဆောက်လုပ်ရေးလုပ်ငန်းမှာ ဩဂုတ် ၇ ရက် တောင်ကိုရီးယားစံ‌တော်ချိန် မနက် ၉ နာရီလောက်က မြန်မာအလုပ်သမားတယောက် မြေသယ်ကားအတိုက်ခံရပြီး သေဆုံးသွားတယ်လို့ တောင်ကိုရီးယားရှိ မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။

ကားအတိုက်ခံရသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ကနေ အလုပ်လာလုပ်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုပြေသိန်းဖြစ်ပြီး တံတားဆောက်လုပ်ရေးအဝင်မှာ ကားအဝင်အထွက်ကို လမ်းကြောင်းပြလုပ်နေရင်း မြေတင်ကားက တိုက်မိသေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြန်မာအရေးကူညီဆောင်ရွက်ပေးသူ ကိုဇော်မိုးအောင် (ကိုရီးယား) က “မြေတင်ကားနဲ့ညိပြီး ကွယ်လွန်သွားတာပါ။ ကိုရီးယားနိုင်ငံ၊ ဟာ့ချောင်းဂွန်ရှိ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖြစ်တာပါ။ မိသားစုနဲ့ အဆက်အသွယ် ရထားပြီးပါပြီ” လို့ ပြောပါတယ်။

ကိုပြေသိန်းရဲ့ ရန်ကုန်‌မြို့နေ မိသားစုဝင်တွေ အဆက်အသွယ်ရရှိပြီလို့ သိရပြီး မြန်မာအလုပ်သမားတဦး လုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးမှုအတွက် လုပ်ငန်းဘက်က ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ မသိရသေးပါဘူး။

ရုပ်အလောင်းကို ဟာ့ချောင်း၊ ဂိုလယောဆေးရုံရှိ အအေးခန်းကို ပို့ဆောင်ထားတယ်လို့ သိရပြီး အသုဘအစီအစဥ်အတွက် တောင်ကိုရီးယားရောက် မြန်မာအရေးကူညီပေးသူတွေက သေဆုံးသူရဲ့ မိသားစုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း တောင်ကိုရီးယား၊ အင်ချွန်းမြို့၊ ပိုစကိုလုပ်ငန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ၁၅ ထပ်အမြင့်ကနေ အသက် ၄၄ နှစ်အရွယ် မြန်မာလုပ်သား ကိုသိန်းထွန်း ပြုတ်ကျခဲ့ပြီး ကွယ်လွန်ခဲ့ပါသေးတယ်။

ဓာတ်ပုံ( ဇော်မိုးအောင် )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024