တိုင်ဖွန်းမုန်တိုင်း ဒေ့ါဆူရီ တိုက်ခတ်ရာက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် တရုတ်နိုင်ငံ ရှူးလန်မြို့မှာ ဒီသီတင်းပတ်ကုန်အတွင်း လူ ၁၄ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သြဂုတ် ၇ ရက်က နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။
ရှူးလန်မြို့ဟာ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ ဂျီလင်းထဲမှာ တည်ရှိပါတယ်။ ဒါကြောင့် တရုတ်ပြည်မြောက်ပိုင်းအနှံ့မှာ ရေဘေးသင့် ဒေသခံတွေအတွက် ကယ်ဆယ်မှု တွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒီရေကြီးမှုကြောင့် ပြီးခဲ့တဲ့အပတ်က ဟပ်ဘေးပြည်နယ်နဲ့ ပေကျင်းမြို့တော်တို့မှာလည်း လူပေါင်း ၂၀ အထိ သေဆုံးခဲ့ရပါတယ်။
တရုတ်တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးမှုအရေအတွက် စုစုပေါင်းကို အာဏာပိုင်တွေ ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
စီစီတီဗီ နိုင်ငံပိုင်ရုပ်သံဌာနရဲ့ ဗီဒီယိုမှတ်တမ်းအရ ကျယ်ပြန်တဲ့ ရေလွှမ်းမိုးမှုတွေ ရှိနေသေးတာ ကြောင့် ဒေသခံတွေအတွက် ရိက္ခာပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနေပါတယ်။
ဒါ့အပြင် ဂျီလင်းပြည်နယ်က လူပေါင်း ၇၈,၀၀၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပြီး ဖြစ်သလို ရှူလန်းမြို့မှာဆိုရင်လည်း ဒေသခံ ၁၃၀,၀၀၀ ကျော်အထိ ရေဘေးသင့်ခဲ့တယ်လို့ စီစီတီဗီက သတင်းဖော်ပြခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရ မွန်ဂိုလီးယားဒေသအပါအဝင် ဂျီလင်းနဲ့ ဟိုင်လောင်းကျန်းပြည်နယ်တို့မှာ ရေကြီးမှုတုံ့ပြန်ရေး အဆင့် ၃ အဖြစ် သြဂုတ် ၇ ရက်မှာ ရေအရင်းအမြစ်ဝန်ကြီးဌာနက တိုးမြှင့် လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးပေါ် တုံ့ပြန်ရေး စနစ်ထဲမှာ အဆင့် ၄ ဆင့်အထိ ပါဝင်ပြီး အဆင့် ၁ ကတော့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
Source-Reuters