၈ လေးလုံးနေ့မှာ သံရုံးဝန်ထမ်းတွေ ရုံးတက်လို့မရအောင် ဒေသစံတော်ချိန် ဩဂုတ် ၇ရက်နေ့ မနက်အစောပိုင်းကစပြီး အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတချို့က ပိတ်ဆို့ထားပါတယ်။
မြန်မာအချိန် ၈ လေးလုံး အထိမ်းအမှတ်နေ့မှာ သံရုံးဝန်ထမ်းတွေ ရုံးတက်လို့မရအောင် ရည်ရွယ်ပိတ်ဆို့တာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
"ဒီသံရုံးဟာ ပြည်သူပိုင်ဖြစ်ပါတယ်။ ကျနော်တို့ ဖွင့်ခွင့်ပေးမှ သူတို့ဖွင့်ခွင့်ရပါမယ်။ မကျေနပ်လို့ ဝင်ချင်တယ်ဆိုရင်တော့ သူတို့စစ်ခေါင်းဆောင်တွေရဲ့ပုံတွေကို နင်းဖြတ်ပြီးမှ ဝင်လို့ရပါမယ်" လို့ တက်ကြွလှုပ်ရှားသူ ကိုထွန်းထွန်းက ပြောပါတယ်။
သံရုံးတာဝန်ရှိသူတွေကတော့ ဒီစီအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး သံရုံးရှေ့မှာ ပိတ်ဆို့ထားတာတွေကို ဖယ်ရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အများပြည်သူပိုင်နက်မှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် ဒေသဥပဒေတွေနဲ့ငြိစွန်းမှုမရှိတာကြောင့် သံရုံးရှေ့ပိတ်ဆို့ထားမှုကို ဒေသအာဏာပိုင်တွေက ဆက်လက်ခွင့်ပြုထားပါတယ်။