Home
မြန်မာသတင်း
တရားမဝင်မြန်မာအလိုမရှိကြောင်း ထိုင်းမျိုးချစ်ဝါဒီများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ
DVB
·
September 24, 2024
photo Crd-TOP NEWS
photo Crd-TOP NEWS

တရားမဝင် မြန်မာနိုင်ငံသားတချို့ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာနိုင်လို့ မြန်မာသံရုံးအနေနဲ့ တရားမဝင် အလုပ်သမားပြဿနာ ဖြေရှင်းပေးဖို့ စက်တင်ဘာ ၂၃ ရက်မှာ ထိုင်းနိုင်ငံသားမျိုးချစ်ဝါဒီတချို့က  ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ စုဝေး ဆန္ဒပြ တောင်းဆို ပါတယ်။ 

ဆန္ဒပြခေါင်းဆောင်တယောက်ဖြစ်တဲ့ နိုင်းတေ့အာရှီဝက “အခုချိန်ဟာ ကျနော်တို့ ထိုင်းတမျိုးသားလုံး စည်းလုံးရမယ့်အချိန်ရောက်ပြီ၊ အင်္ကျီအရောင်မခွဲခြားဘဲ အားလုံး ကိုယ့်နိုင်ငံ ကိုယ် ကာကွယ်ကြပါ။ တရားဝင် ဝင်လာပြီး ကောင်းကောင်းလုပ်ကိုင်စားသောက်နေသူတွေ ပြဿနာမရှိပါဘူး။ ကျနော်တို့ဆီမှာလည်း အလုပ်သမားတွေ လိုအပ်နေပါတယ်။ တရားမဝင် ဝင်လာပြီး ပြဿနာလာလုပ်တာတော့  လက်မခံနိုင်ဘူး။ သူတို့ကို ပြန်မောင်းထုတ်ရမယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားမဝင် အလုပ်သမားပြဿနာဖြေရှင်းဖို့ သူတို့ကို စနစ်တကျ စီမံခန့်ခွဲဖို့  အကြံပြုစာကို ပေးပို့တာဖြစ်တယ်။ နောက်ထပ်ထောက်ခံသူလက်မှတ် ၅၀၀၀၀ ကနေ တသိန်းထိကောက်ခံပြီး တရားမဝင်အလုပ်သမားနှိမ်နင်းရေး တောင်းဆိုမယ်”  လို့ ပြောပါတယ်။

ဆန္ဒပြသူ တယောက်ကလည်း အခုလိုဆန္ဒပြရတာဟာ ထိုင်းလွှတ်တော်ကိုယ်စားလှယ် (People’s Party) က ထိုင်းရောက်မြန်မာလူမျိုးတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ထိုင်းလူမျိုးနဲ့ တန်းတူပေးဖို့ အဆိုပြုတယ်၊ စစ်ဘေးရှောင်လာတဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို ကြည့်ရှုစောင့် ရှောက်ပေးဖို့ လွှတ်တော်မှာတင်ပြတယ်။ ကိုယ့်နိုင်ငံရဲ့ ရန်ပုံငွေထဲကနေ သူတို့ ပြဿနာကို ရှင်းရမှာလား၊ သဘောမတူနိုင်ဘူး၊ ထိုင်းနိုင်ငံထဲလာပြီး မြန်မာအလံလွှင့်ထူတာ၊ မြန်မာနိုင်ငံတော် သီချင်းဆိုတာလည်း လက်မခံနိုင်ဘူးလို့  ပြောပါတယ်။

တောင်းဆိုချက်တွေထဲမှာ ထိုင်းနိုင်ငံကို တရားဝင်လမ်းကြောင်းမှသာ ဝင်ရောက်လာအောင် ဖိအားပေးဖို့၊ ရွှေ့ပြောင်းလုပ်သား သားသမီးတွေကို နိုင်ငံသားလျှောက်ထားခွင့်ဥပဒေ ပြန်လည် သုံးသပ်ဖို့၊ စစ်ဘေးရှောင်သူတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဝင်ရောက်စေဘဲ သတ်မှတ်ထားတဲ့ ဇုန်တွင်းမှာသာနေစေဖို့၊  ရွှေ့ပြောင်းကိုယ်ဝန်ဆောင်တွေအနေနဲ့ မိခင်နိုင်ငံမှာသာ ပြန်လည် မွေးဖွားဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၃ ရက်က ထိုင်းမြန်မာသံရုံးရှေ့ ဆန္ဒပြတဲ့ထဲမှာ ထိုင်းမျိုးချစ်ဝါဒီနဲ့  တော်ဝင်စနစ် စောင့်ထိန်းရေးအဖွဲ့တွေ ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့  ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တုန်လှုပ်စရာမလိုဘဲ အလုပ်ကြိုးစားလုပ်ကိုင်ဖို့၊  မိမိပတ်ဝန်းကျင်ရှိ ထိုင်းအသိုက်အဝန်းနဲ့ သဟဇာတ ဖြစ်အောင်နေထိုင်ဖို့  တိုက်တွန်းထားပါတယ်။

“ဘန်ကောက်မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသား အယောက် ၂၀ ကျော်ကနေပြီးတော့မှ ထိုင်းနိုင်ငံထဲကနေ မြန်မာတွေ ထွက်သွားပါဆိုတဲ့ ဆန္ဒဖော်ထုတ်မှုဟာ ထိုင်းနိုင်ငံသားအများစုရဲ့ ဆန္ဒတော့ မဟုတ်လောက်ပါဘူးဗျ။ လတ်တလောဖြစ်ပေါ်နေတဲ့ ထိုင်းစီးပွားရေးအကျပ်အတည်းနဲ့  အလုပ်အကိုင်ရှားပါးမှုတွေကတချက်၊ အခြားအချက်မှာလည်း မြန်မာနိုင်ငံသားအများစုက ထိုင်းနိုင်ငံမှာ မသိဆိုးရွားစွာနဲ့ ကန့်သတ်အလုပ် ၂၇ မျိုးသွားပြီး လုပ်မိတဲ့ခါကျတော့  ထိုင်းနိုင်ငံ သားတချို့ရဲ့ အမြင်မကြည်လင်မှုတွေ ရှိတာပေါ့ဗျာ။ နောက် မြန်မာနိုင်ငံသားတချို့ရဲ့ အွန်လိုင်းပေါ်မှာတက်ပြီး ဈေးဘန်းခင်းကြတာ၊ ဝင့်ကြွားကြတာတွေကလည်း စီးပွားရေးအဆင်မပြေတဲ့ ထိုင်းနိုင်ငံသားတချို့ရဲ့  အမြင်မကြည်လင်တာတွေလည်း ရှိတာပေါ့၊ တခြားအကြောင်းအရာတွေလည်း မြောက်များစွာရှိပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါဟာ ထိုင်းနိုင်ငံသားအများစုရဲ့  ဆန္ဒမဟုတ်ဘူးလို့ ကျနော်တို့ သဘောပေါက်နားလည်တယ်။ ဒါကြောင့် ကျနော်တို့အပေါ်မှာ ရှိရင်းစွဲ လေးစားရင်းစွဲနဲ့ ကျနော်တို့ လုပ်အားတန်ဖိုးကို တန်ဖိုးထားကြတဲ့ ထိုင်းအလုပ်ရှင်မြောက်မြားစွာ၊ ထိုင်းနိုင်ငံသားအများ စုကသည် ကျနော်တို့အပေါ် သည်းခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းများစွာနဲ့ ဆက်လက်သည်းခံခွင့်လွှတ်ပြီးတော့ အလုပ်တွေကိုဆက်လုပ်စေမယ်၊ နေစေမယ်ဆိုတာကတော့ ကျိန်းသေပါတယ်။ သို့သော်လည်း ကျနော်တို့က ထိုင်းနိုင်ငံရဲ့ ပင်ပဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်တွေကို ရပ်ရွာစည်းကမ်းချက်တွေ လေးစားလိုက်နာရမယ်။  ထိုင်းရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင် နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကိုယ်က အောက်ခြေသိမ်းဝင်ရောက် ကူညီခြင်းနဲ့ ဒေသခံထိုင်းနိုင်ငံသားတွေရဲ့  အမြင်ကြည်လင်ချစ်ခင်မှုကို ရယူကြပါလို့  ပန်ကြား ချင်ပါတယ်။”

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက ရွှေ့ပြောင်းလုပ်သားစာသင်ကျောင်းတခုမှာ ကျောင်းသားတွေ မြန်မာနိုင်ငံတော်အလံသီချင်းဆိုတဲ့ ဗီဒီယိုလိုင်းပေါ်ရောက်လာပြီး ထိုင်းလူမျိုးတွေကြား ဝေဖန်မှု မြင့်တက်ခဲ့တယ်၊ အဲဒီနောက် ထိုင်းတောင်ပိုင်းက ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း ၆ ခု တရားမဝင်ဘူးဆိုပြီး အပိတ်ခံရတယ်၊ ကျန်တဲ့ခရိုင်က ကျောင်းတွေလည်း ဝင်ရောက်စစ်ဆေး ခံရတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေးရှုထောင့်ကကြည့်တဲ့သူနဲ့  အမျိုးသားရေးဝါဒီ တွေကြား အငြင်းပွားစရာဖြစ်လာပါတယ်။

ပြီးခဲ့တဲ့အပတ် လွှတ်တော်အစည်းအဝေးမှာ People’s Party မှအမျိုးသမီးလွှတ်တော်အမတ်  က​ယောက်တာက “မြန်မာတွေက ထိုင်းကို မလာချင်ပါဘူး၊ သူတို့တိုင်းပြည်မှာ စစ်ဖြစ်လို့ အ ခက်အခဲဖြစ်ပြီး ရောက်လာတာ၊ ဒီရောက်တော့ ပြန်ဖိနှိပ်ခံရပြန်တယ်။ စာသင်ကျောင်းပိတ်တာဟာ လူ့အခွင့်အရေးနဲ့ မညီညွတ်ဘူး၊ ကလေးတွေဟာ ပညာမသင်ရရင် ကလေးအလုပ်သမားပြဿနာ၊ လူကုန်ကူးမှုပြဿနာတွေ ဖြစ်လာနိုင်တယ်။  စစ်ဘေးရှောင်လာသူ တွေထဲမှာ ခေတ်ပညာတတ်သူတွေလည်းပါတယ်၊ သူတို့ကို အလုပ်အကိုင် အခွင့်အလမ်း ပေးခြင်းဖြင့် မိမိတိုင်းပြည်တိုးတက်မှုကိုလည်း တဘက်တလမ်းက ပံ့ပိုးစေနိုင်တယ်၊ တရားမဝင် ဝင်လာသူတွေကို တရားဝင်ဖြစ်အောင် စနစ်တကျဆောင်ရွက်ဖို့” အဆိုပြုခဲ့ပါတယ်။ 

သူ့ရဲ့ အဆိုပြုချက်ကို  တခြားပါတီအမတ်တွေက ကန့်ကွက်တယ်၊ ထိုင်းလူမျိုးတွေ အခက်အခဲ ဖြစ်နေတာ ဆင်းရဲနေတာကို ဆင်းကြည့်ရဲ့လား၊ မိမိနိုင်ငံသားကို ကျော်လွန်ပြီး တရားမဝင် ဝင်ရောက်လာသူတွေရဲ့ အခွင့်အရေးတွေ တောင်းဆိုပေးနေတာ မဖြစ်သင့်ဘူး၊ ထိုင်းလွှတ်တော် ကိုယ်စားလှယ်ဟာ ထိုင်းနိုင်ငံသားတွေရဲ့ အရေးကိုသာ ဦးစားပေးဆောင်ရွက်ရမယ် စသဖြင့် ပြောဆိုကြပါတယ်။

အဲဒီနောက် လူမှုကွန်ရက်တွေမှာလည်း မြန်မာနိုင်ငံသားတွေက လုပ်ခွင့်မရှိတဲ့ ဈေးဆိုင်ဖွင့်တာ၊ ကန်ထရိုက်ဆွဲတာ၊ မာဖီးယားဂိုဏ်းထောင်တာ၊ ထိုင်းတာဝန်ရှိသူတွေကို ခြိမ်းခြောက်တာ စတဲ့ ပို့စ်တွေတင်ကြသလို People’s Party ပြည်သူ့ပါတီကိုလည်း မြန်မာပြည်သူ့ပါတီ၊ တရားမဝင် အလုပ်သမားပါတီ စသဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

ရွှေ့ပြောင်းလုပ်သားအရေး ထိုင်းအဖွဲ့တချို့ ဘန်ကောက်မှာ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ သိပ်မစိုးရိမ်ဖို့နဲ့ ထိုင်းနိုင်ငံရေး အခင်းအကျင်းမှာ သတိထားနေထိုင်ဖို့ မြန်မာအရပ်ဘက်အဖွဲ့ တွေက တိုက်တွန်းလိုက်ပါတယ်။

ဒီကာလမှာ မြန်မာတွေအနေနဲ့ အွန်လိုင်းပေါ် စီးပွားရေးလုပ်ငန်းတွေကို ကြော်ငြာတာတွေ ပေါ်ပေါ်ထင်ထင် မလုပ်ကြဖို့နဲ့ လက်ရှိ ထိုင်းနိုင်ငံရေး အပြောင်းအလဲကြားမှာ ကြားမညှပ်စေရေး သတိထားနေထိုင်ကြဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမားအရေး ကူညီနေတဲ့အဖွဲ့တွေက  တိုက်တွန်းပါတယ်။

ထိုင်းနိုင်ငံရဲ့ဥပေဒအရ နိုင်ငံခြားသားတွေလုပ်ခွင့်မရှိတဲ့ စီးပွားရေးတွေကို မြန်မာနိုင်ငံသားတွေ ၀င်လုပ်နေတာတွေ သက်သေခံလက်မှတ်မရှိဘဲ အလုပ်လုပ်နေတာတွေနဲ့ နေထိုင်သွားလာရေး ကအစ သတိထားနေထိုင်ကြဖို့ သတိပေးထားပြီး အဖမ်းအဆီးတွေအတွက်တော့ စိတ်ပူစရာလိုတဲ့ အခြေအနေထိ မရောက်သေးဘူးလို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးကူညီနေသူတယောက်က  “ကျနော်တို့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာလာပြီး အလုပ်လုပ်ကြတာက တကယ်တကယ်တမ်း အယောက် ၁၀၀ မှာ အဆင်ပြေ တဲ့ မြန်မာနိုင်ငံသားတွေက ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးပေါ့နော်။ အဲဒီအဆင်ပြေတဲ့ ၁၀ ရာခိုင်နှုန်းထဲကသူတွေက လိုင်းပေါ်မှာ ကြွားတာတို့၊ တစ်တော့မှာ ကြွားတာတို့၊ ငါပိုက်ဆံရှိတယ်၊ ငါဆိုင်ရှိတယ်၊ ငါကားရှိတယ်၊ ဟိုဟာရောင်းတာတို့ အဲ့လိုမျိုး သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေကို လိုင်းပေါ်မှာကြွားတာတို့ဘာတို့ပေါ့။ အဲဒါတွေ မလုပ်စေချင်ဘူး။ ဒီအဆင်မပြေတဲ့ ကျနော်တို့ နိုင်ငံသားတွေ ဒုက္ခပိုရောက်စေတယ်” လို့ ပြောပါတယ်။ 

ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားအများစု လက်ရှိနေထိုင်တဲ့ စမွတ်စခွန်၊ မဟာချိုင်၊ ဘန်ဘော စျေးတွေဘက်မှာတော့ အသွားအလာသတိထားနေရပြီး အဖမ်းအဆီးတွေ ရှိတယ်လို့  ဘန်ကောက်မှာ စားသောက်ဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။

အဖမ်းခံရသူအများစုက သက်သေခံလက်မှတ် မရှိသူတွေနဲ့  ရောင်းချခွင့်မရှိတဲ့ လုပ်ငန်းအမျိုးအစား စီးပွားရေးလုပ်ငန်းတွေကို ဦးတည်ဖမ်းဆီးနေတာဖြစ်ပြီး မူးယစ်ဆေးနဲ့ ရာဇ၀တ်မှုဖြစ်တဲ့ ကိစ္စမျိုးတွေလောက်မှာပဲ  ဖမ်းမိရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့တာလောက်ပဲ ရှိတယ်လို့ဆို ပါတယ်။

ဘန်ကောက်မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ပိုင်ရှင်တယောက်က “ပြဿနာတက်တဲ့နေ့ကစပြီး အခုက နေရထိုင်ရတာကြပ်တယ်။ ပြီးရင် ဆူညံလို့လည်းမရဘူး။ ပြီးရင်လမ်းသွားလမ်းလာ မှာလည်း ပုလိပ်တွေ ပိုဖမ်းတာများတယ်။ အခုလည်း နေရထိုင်ရတာနည်းနည်းခက်တယ်ပေါ့။ အခုဘယ်ပဲသွားသွား လာလာပေါ့နော်၊ ကိုယ့်မြန်မာပြည်သားတွေလို့သိရင် ထိုင်းတွေက အမြင်ကပ်နေတာပေါ့နော်။ တချို့တွေက မသိလို့ အနေထိုင်မတတ်လို့ပေါ့နော်။ ဥပမာ လမ်းသွားလမ်းလာရင် ပုဆိုးတွေ၀တ်ပြီး၊ သနပ်ခါးတွေလိမ်းပြီး အော်ကျယ်သီချင်းတွေဖွင့်ပြီး ပေါ့နော်၊ အဲဒီလိုမျိုးတွေ မလုပ်စေချင်ဘူး။ လုပ်လိုက်ရင် ပုလိပ်တွေလာပြီး ထိုင်းလူမျိုးတွေကပိုပြီး အမြင်ကပ်လာပြီး ပုလိပ်တွေဘာတွေတိုင်ပြီးလာဖမ်းမှာ။ အရင်တုန်းကမဖမ်းဘူး၊ အခုက ဖမ်းမှာ သေချာတယ်” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်အတွင်းမှာ ထိုင်းအရပ်ဘက်အဖွဲ့အမည်ခံအဖွဲ့တချို့က မြန်မာအပါအ၀င် ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုယ်၀န်ဆောင်ခွင့်မပြုဖို့ ထိုင်းနိုင်ငံသားခံယူခွင့်အစီအစဉ်ကို ပြန်သုံးသပ်ဖို့ဆိုပြီး အချက် ၈ ချက်ပါ စာတစောင်ကို ထိုင်းအစိုးရထံ တောင်းဆိုပြီးတဲ့နောက်ပိုင်း  မြန်မာသံရုံးရှေ့ ဆန္ဒပြတာတွေ ထပ်ဖြစ်လာတာပါ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း အိမ်နီးချင်းထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ အထောက်အထားမဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ မြန်မာလူထုအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတွေကို လေးစားလိုက်နာပြီး အိမ်ရှင်တိုင်းပြည်ကလူထုနဲ့ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ဖို့ဆိုပြီး ထိုင်းနိုင်ငံကို တောင်းဆို ထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားဝင်ရော၊ တရားမဝင်အနေနဲ့ပါ စုစုပေါင်း ၆ သန်းကျော် လောက် ရှိမယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့တွေက ခန့်မှန်းထား ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံထဲမှာ မြန်မာလူဦးရေ ၃ ဆလောက် ပိုပြီး ဝင်‌ရောက်နေထိုင်လာတယ်လို့  Media Intelligence Group ရဲ့ စစ်တမ်းကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နန်းမြနဒီ/ မောရစ်

Source: TOP NEWS / Workpoint News  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024