စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ၁,၀၀၀ လောက်ဟာ စားနပ်ရိက္ခာ မလုံလောက် ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းဟာ ၁ ကြောင်းကို အင်အား ၁၂၀ ခန့်ရှိတဲ့ စစ်ကြောင်းတွေဖြစ်ပြီး ဒေသခံတွေဟာ ဇူလိုင် ၁၄ ရက်တည်းက အနီးနား နေရာတွေကို စစ်ရှောင်ကြရတာ ဖြစ်ပါတယ်။
ဒေသခံတဦးက “အိမ်ခြေ ၂၀၀ လောက်က ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ရိက္ခာတွေကတော့ ပြတ်လပ်နေပြီး ခုက ဝေမျှစားနေရတယ်။ အဖွဲ့အစည်းတွေဆီကတော့ အကူအညီ တောင်းထားပါတယ်” လို့ ပြောပါတယ်။
အရင်လတွေက ရွှေဘိုခရိုင်အတွင်း ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေဟာ ဒေသခံတွေ သိုလှောင်ထားတဲ့ စပါးတွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ တနေ့ထက်တနေ့ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စပါးစိုက် တောင်သူတွေထံက သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း စစ်ကာင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ ရွှေဘိုခရိုင်ထဲက စစ်ရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရကာ ၁ ဦးသေဆုံးခဲ့ပြီး နွား ၃ ကောင် လက်နက်ကြီးထိပြီး ၂ ကောင် သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်-၂၂ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။