ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ သြဂုတ် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် သင်္ဘောက ဆိုက်ကပ်ခါနီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရွှေကူသဘောင်္ဆိပ်ကို ဆိုက်ကပ်မယ့် စစ်သင်္ဘော ကိုးစီးဟာ မဆိုက်ကပ်ခင် အနီးနား ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရေလှဲကျေးရွာက အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
ရေလှဲကျေးရွာ ဒေသခံတဦးက “မနက် ၉ နာရီလောက်က စစ်သင်္ဘောကိုးစီး ရွှေကူသင်္ဘောဆိပ်ကို ဆိုက်တယ်။ ဆိပ်ကမ်းမကပ်ခင် လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ အချက်ရေ ၅၀ ပတ်ဝန်းကျင်ရှိတယ်။ လှည့်ပတ်ပစ်နေတာ။ အဲဒီကနေပစ်တာ၊ အမျိုးသမီးတယောက် လက်က်ကြီးကျည်ထိတာ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
စစ်သင်္ဘောကပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ ရေလှဲကျေးရွာက အမျိုးသမီးဟာ လက်မောင်းနဲ့ ကျောကုန်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတာပါ။
စစ်သင်္ဘောကိုးစီးဟာ သြဂုတ် ၆ ရက် ညပိုင်းက ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာ ဆိုက်ကပ်ခဲ့ပြီး သြဂုတ် ၇ ရက် မနက်ပိုင်းမှာ ရွှေကူသင်္ဘောဆိပ်ကမ်းကို ဆိုက်ကပ်ခါနီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ် ၂၁ ရက်မှာ စီသောင်ကျေးရွာက နေအိမ် ၂၀၀ ကျော်၊ စီမူကြီးကျေးရွာက နေအိမ် ၄၀ ကျော်၊ စီမူလေးကျေးရွာက နေအိမ် ၇၀ ကျော်၊ မံနားကျေးရွာက နေအိမ် ၄၀ ကျော်၊ တုံကောက်ကျေးရွာက နေအိမ် ၄၀ ကျော်၊ မံခါးကျေးရွာက နေအိမ် ၃၀ ကျော်၊ မံဝိန်းကျေးရွာက နေအိမ် ၁၀၀ ကျော်၊ စီမော်ကျေးရွာက နေအိမ် ၁၀၀ ကျော်၊ နန့်လတ်ကျေးရွာက နေအိမ် ၃၀ ကျော်၊ နောင်လတ်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်နဲ့ စီသာကျေးရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ၁၀,၀၀၀ လောက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။