စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ မြောက်ဘက် ရွာထောင်ရွာအနီးမှာ မနေ့ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းက ဟိန္နက ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က နယ်မြေလုံခြုံရေး ကင်းလှည့်နေတာကို စစ်ကောင်စီဘက်က ကင်းပုန်းဝပ် ချောင်း မြောင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရွာထောင်ရွာ ဒေသခံတဦးက “တိုက်ပွဲက ထင်မှတ်မထားဘဲ ရုတ်တရက်ကြီး ဖြစ်သွားတာ။ သူတို့ တိုက်ပွဲဖြစ်ကြတော့ ရွာထဲကလူတွေလည်း အကုန်ပြာယာခတ်ကုန်တယ်။ စစ်ကောင်စီဘက်က ပစ်တာကတော့ ကျည်မိုးရွာတဲ့အတိုင်းပဲ၊ အသားကုန်ကိုပစ်တာ။ ရွာထဲတွေလည်းကျတယ်။ ရွာထဲက အိမ်ခေါင်မိုးတွေလည်း ပေါက်တာတွေရှိတယ်။ ပြည်သူအထိအခိုက်ကတော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာမှာ စိုးရိမ်ပြီး ဒေသခံပြည်သူတွေ ကျေးရွာအတွင်းကနေ ရွှေ့ပြောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိန္နကအဖွဲ့ခေါင်းဆောင် ကိုကင်းက “ကျနော်တို့ရဲဘော်တွေ ကင်းလှည့်သွားတာကို (--)တွေက ချောင်းပစ်တာပါ။ အဲလို သူတို့ဘက်ကစပစ်တော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ရတာပါဗျ။ ကျနော်တို့ဘက်က ရဲဘော်တဦး ဗိုက်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်။ (--)တွေဘက်ကတော့ အကျအဆုံးတော့ မသိရသေးဘူး။ (--)တကောင်တော့ ကျနော်တို့ဘက်က အရှင်ဖမ်းမိခဲ့တယ်” လို့ ပြောပါတယ်။
ဟိန္နက ယင်းမာပင်မြို့ပြပြောက်ကျားအဖွဲ့ဟာ ခေတ်မီလက်နတ် တခုမှမရှိဘဲ တူမီးခါးချိုးနဲ့ စစ်ကောင်စီကို တော်လှန်လှန်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်သလို စခန်းကိုလည်း စစ်ကောင်စီဘက်က လာရောက်ဖျက်ဆီးတာ ၅ ကြိမ်အထိရှိနေပြီလို့လည်း ကိုကင်းက ဆိုပါတယ်။
အခုတိုက်ပွဲကို ဟိန္နက ယင်းမာပင် မြို့ပြပြောက်ကျားအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။