ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဩဂုတ် ၆ ရက်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာပါတယ်။
Chin National Council (မင်းတပ်) အနေနဲ့ မင်းတပ်မြို့နယ် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားရေး စတဲ့ အစုအဖွဲ့တွေကို ပေါင်းစပ်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
မင်းတပ်မြို့နယ် ပအဖ တာဝန်ရှိသူက “မြို့နယ်တခုနဲ့တခု ဒါမှမဟုတ် တခြားအစုအဖွဲ့တွေနဲ့ ချိတ်ဆက်တဲ့အခါ မင်းတပ်တနယ်လုံးကို ကိုယ်စားပြုပြီး နိုင်ငံရေးဦးဆောင်မှုပေးမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အနာဂတ် ချင်းလူမျိုးတွေအတွက် နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမယ့် မူဝါဒတွေ ရေးဆွဲရေးအတွက် နိုင်ငံရေး ဦးဆောင်မှုပေးမယ့် အဖွဲ့အစည်းတရပ်အဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မင်းတပ်မြို့ဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ပထမဆုံးမြို့နယ်ဖြစ်ပြီး တော်လှန်ကာလ ၂ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပါတယ်။