မိုးသည်းသည်းထန်ထန်ရွာလို့ တရုတ်နိုင်ငံတဝန်းက မြစ် ၅၀ ကျော်ဟာ စိုးရိမ်ရေမှတ် အထက်ကနေ စီးဆင်းနေပြီး အရှေ့မြောက်ဘက်က မြစ်ဝှမ်းတချို့မှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ရေအရင်းအမြစ် ဝန်ကြီးဌာနက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။
ကမ်းပါးကို ကျော်လွန် ရေလျှံနေတဲ့ မြစ်တွေထဲက ၁၂ စင်းဟာ ရေလွှမ်းတဲ့အဆင့်ကို ကျော်နေပြီး မြစ်လေးခုကတော့ အမြင့်ဆုံး စံချိန်တင်တဲ့အထိ ရေလွှမ်းနေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်က ယန်ဇီမြစ်၊ လာလင်မြစ်၊ မာယီမြစ်၊ ထိုထိုမြစ်၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းနဲ့ ဟေလောင်ကျန်းပြည်နယ်တို့ကို ဖြတ်ပြီး စီးဆင်းတဲ့ ဆောင်းဟွာမြစ်နဲ့ တုန်းလျန့်ကျူမြစ်၊ မာယီမြစ်လက်တက်တို့မှာ မှတ်တမ်းတွေ စတင်ကတည်းက အခုထိ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ကြုံတွေ့နေရပါတယ်။
လျောင်နင်း၊ ကျိလင်းနဲ့ ဟေလောင်ကျန်း အရှေ့မြောက်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုအတွက် အရေးပေါ်တုံ့ပြန်မှုအဆင့်ကို ဝန်ကြီးဌာနက တနင်္လာနေ့မနက်မှာ အဆင့် ၃ ကို မြှင့်တင်ခဲ့ပါတယ်။
မြစ်ရေလျှံလို့ လယ်မြေတွေ၊ အိမ်တွေ ပျက်စီးပြီး အစုလိုက် အပြုံလိုက် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။
ရေဘေးသင့်အရှေ့မြောက်ဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့ လုပ်ငန်းအဖွဲ့နှစ်ဖွဲ့ စေလွှတ်ထားတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
တရုတ်ဒုဝန်ကြီးချုပ် ကျန်းကိုးချင်က နိုင်ငံအတွင်း ဆည်တွေနဲ့ မြစ်ကမ်းပါးယံတွေကို အားဖြည့်ဖို့နဲ့ ရေဘေးကယ်ဆယ်ရေးလမ်းကြောင်းတွေကို ရှင်းလင်းထားဖို့ စနေနေ့က တိုက်တွန်းခဲ့ပါတယ်။
ကျန်းဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တဦးလည်းဖြစ်ပြီး စနေနေ့က တီယန်ကျင့်မြို့ကို သွားခဲ့ပါတယ်။
ရေကြီးနေတဲ့ ရှေ့တန်းမျက်နှာစာကို သွားပြီး ရေပမာဏနဲ့ ဆည်တွေရဲ့ ကြံ့ခိုင်ရေးကို ဖြည့်တင်းတဲ့လုပ်ငန်းကို စစ်ဆေးခဲ့ပါတယ်။
မကြာသေးမီက ပေကျင်း၊ တီယန်ကျင့်နဲ့ ဟော့ပေးမြို့တို့မှာ မိုး အလွန်အမင်း သည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး ဟိုင်ဟော့မြစ်ဝှမ်းမှာ မြစ်အောက်ပိုင်း ရေကြီးရေလျှံမှုတွေ အတွက် စိန်ခေါ်မှုတွေ ရှိလာတယ်လို့ သူကပြောပါတယ်။
ရေလမ်းကြောင်း မရေရာ မသေချာမှုတွေကြောင့် အရေးကြီးတဲ့ ဒါမှမဟုတ် အားနည်းတဲ့ ရေကာတာတွေကို အားဖြည့်ဖို့ လိုအပ်တယ်၊ ဗဟိုနဲ့ ဒေသန္တရ အစိုးရပိုင်း လုပ်ငန်းတွေဟာ ခုအချိန်မှာ ပညာရှင်အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ သူက ပြောပါတယ်။
ရေဘေးတိုက်ဖျက်ရေး ကိရိယာတွေကို အပြည့်အစုံ ပြင်ဆင်ထားပြီး ဆည်မြောင်းတွေပေါ်မှာ ၂၄ နာရီပတ်လုံး ကင်းလှည့်ဖို့နဲ့ ဆည်အောက်မှာ နေထိုင်သူတွေကို စနစ်တကျ နေရာရွှေ့ပြောင်းပေးဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
Source - Reuters