မုတ်သုံရာသီမှာ စပါးစတင်စိုက်ပျိုးခြင်း အထိမ်းအမှတ်အနေနဲ့ ထိုင်းလယ်သမားတွေဟာ နှစ်စဉ်ကျင်းပနေကျ ကျွဲကူးပြိုင်ပွဲကို သြဂုတ် ၆ ရက်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အရွယ်အစား အမျိုးမျိုးရှိတဲ့ ကျွဲကောင်ရေ ၆၀ ကျော်ဟာ ဘန်ကောက်မြို့တော်ရဲ့ အရှေ့တောင်ဘက် မိုင် ၅၀ အကွာက ချုံဘူရီခရိုင် နာပါခရိုင်ခွဲမှာ တည်ရှိတဲ့ မီတာ ၂၀၀ ရှိတဲ့ ဖုန်လမ်းတလျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
နာပါခရိုင်မြို့တော်ဝန် စာမတ် ဆွတ်ခ်စာဝမ်က ၁၈၀၀ ခုနှစ်တွေဆီ ပြန်ခြေရာခံရင်း သမားရိုးကျ စိုက်ပျိုးရေးမှာ ကျွဲရဲ့ သမိုင်းဝင်အခန်းကဏ္ဍကို အမှတ်ရစေဖို့ ဒီပြိုင်ပွဲအတွက် သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကျွဲတွေသယ်ပိုးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေအတွက် ကျေးဇူးတင်တယ် လို့လည်း ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ဇူလိုင်လမှာ မိုးရာသီထဲကို တရားဝင် ဝင်ရောက်ခဲ့ပေမဲ့ စပါးစိုက်သူ ထိုင်းလယ်သမား ဆွန်ဘွန် ဆွန်ခစ်က အခုနှစ်ထဲမှာ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားတယ်၊ သူတို့ဒေသက သက်ကြီးရွယ်အိုတွေက ပြင်းထန်တဲ့ မိုးခေါင်ရေရှားမယ့် ဘေးကို ခန့်မှန်းထားတယ်လို့ ပြောပါတယ်။
မိုးလေဝသဌာနက မိုးရေချိန် ၅ ရာခိုင်နှုန်း လျော့ကျမယ်လို့ ခန့်မှန်းထားပြီး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ရဲ့ ဆိုးရွားတဲ့ လွှမ်းမိုးမှုကို ညွှန်ပြခဲ့ပါတယ်။
Source - Reuters