ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော်ဖငန်းမြို့နယ်ထဲမှာ ဩဂုတ် ၆ ရက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား တစီး မတော်တဆတိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားတယ်လို့ FM91 ဒေသတွင်း ရေဒီယိုသတင်းမှာ ဖော်ပြပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေအပြည့် တင်ဆောင်လာတဲ့ အနက်ရောင်တိုယိုတာဟိုင်း လပ်စ်ကား တစီးဟာ မနေ့ မနက် ၇ နာရီကျော်က လုပ်ငန်းခွင်ကို သွားရောက်စဉ် ကော်ဖငန်း - ဟတ်ချလူတ်သွားလမ်းမကြီးပေါ်မှာ စက်ချို့ယွင်းကာ ဘေးတိုက်အနေအထားနဲ့ တိမ်းမှောက် သွားခဲ့တာလို့ ကော်ဖငန်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
ယာဉ်မတော်တဆဖြစ်တော့ ကားပေါ်ပါလာတဲ့လူတွေ လမ်းပေါ်ကိုတချို့ လွင့်စင်သွားခဲ့ကြောင်း ၊ အခင်းဖြစ်တဲ့နေရာမှာ ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရသွားကာ အားလုံးနီးပါး မြန်မာအလုပ်သမားတွေလို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့က လူနာတင်ကားနဲ့ ကော်ဖငန်းဆေးရုံ ၊ First Western ဆေးရုံ ၊ ဘန်ကောက်ထိပ်ဖငန်းဆေးရုံတွေကို ခွဲပြီး ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကော်ဖငန်းဆေးရုံမှာ ၁၄ ဦးပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦး ၊ ဖာ့စ်ဝက်စတင်းဆေးရုံမှာ ၂ ဦး ဒဏ်ရာပြင်းထန်သူ ၁ ဦး ဘန်ကောက်ဖငန်းဆေးရုံမှာ ၁ ဦး ( မစိုးရိမ်ရ ) ရှိတယ်လို့ ဆိုပါတယ်။
မတော်တဆဖြစ်သွားရတဲ့အကြောင်းရင်း အသေးစိပ်ကိုတော့ သက်ဆိုင်ရာက စိစစ်နေဆဲပဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။