အရင်က တွစ်တာလို့ သိထားကြတဲ့ X-အိတ်စ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်တာ ဒါမှမဟုတ် တစ်စုံတစ်ခုကို Like ပေးတာကြောင့် "မမျှမတ ဆက်ဆံ" ခံရရင် တရားရေးစရိတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ သြဂုတ် ၅ ရက်မှာ အီလွန်မက်စ်က ပြောကြားလိုက်ပါတယ်။
ဒီလိုဆက်ဆံတဲ့ အလုပ်ရှင်တွေကို ကာယကံရှင်ကိုယ်စား တရားစွဲဆိုမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီလီယံနာဖြစ်တဲ့ မက်စ်က စရိတ်ထောက်ပံ့ရာမှာ အကန့်အသတ်ရှိမှာ မဟုတ်ဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ နှောင်းပိုင်းက X လူမှုကွန်ရက်ရဲ့ လစဉ်အသုံးပြုသူ အရေအတွက်မှာ "အသစ် တိုးတက်မှု" ရှိခဲ့တယ်လို့ မက်စ် က မှတ်ချက်ပေးပါတယ်။
မက်စ် ကိုယ်တိုင်မျှဝေခဲ့တဲ့ နောက်ဆုံးရေတွက်မှု ဇယားမှာဆိုရင် သန်းပေါင်း ၅၄၀ ကျော်အထိ ရှိနေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ဒီကုမ္ပဏီအနေနဲ့လည်း အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
တွစ်တာရဲ့ အထင်ကရ အပြာရောင်ငှက်ပုံစံ လိုဂိုတံဆိပ်ကို ၁၇ နှစ် တာ အသုံးပြုခဲ့ပြီးနောက် မက်စ် က X လို့ အမည်ပြောင်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ လိုဂိုအသစ်ကိုပါ ပွဲထုတ်လာခဲ့ ပါတယ်။
ဒါဟာ အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုမျိုးစုံ ပါဝင်မယ့် “Everything App” တစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ ရွယ်ရည်ထားတာ ဖြစ်ပါတယ်။
Source-Reuters