စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က တင်းတိန်ရံရွာကို စစ်ကောင်စီက ဩဂုတ် ၅ ရက် မနေ့ မနက်ခင်းပိုင်းက ဝင်ရောက်နေတာကြောင့် တင်းတိန်ရံရွာအပါဝင် အနီးအနားက ကျေးရွာ ၁၀ ရွာကဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်ကနေ ထွက်လာတဲ့ ခမရ ၇၀၈ နဲ့ ၇၀၂ က စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အင်အားက ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းပါဗျ။ စစ်ကြောင်းက ဒီပဲယင်းမြို့နယ်ဘက်ကနေ ကျနော်တို့ ရေဦးနယ်အနောက်ခြမ်းက တင်းတိန်ရံဘက်ကို လက်နက်ကြီးတွေပစ်ခတ် ဝင်လာတယ်ဗျ။ ပြည်သူတွေတော့ ထိခိုက်မှုတော့ မရှိခဲ့ပါဘူးဗျ။ သူတို့စစ်ကြောင်းဝင်ပြီး တနေကုန် နေအိမ်တွေထဲက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ထုတ်ခဲ့ကြတာတွေရှိခဲ့တယ်ဗျ။ ညနေပိုင်း ရောက်တော့ ကျနော်တို့တင်းတိန်ရံရွာကနေ ဒီပဲယင်းမြို့နယ်ဘက် ပစ္စည်းတွေသယ်ပြီး စစ်ကောင်စီ စစ်သားတချို့ပြန်တာတွေရှိခဲ့တယ်ဗျ။ ဒီနေ့ဩဂုတ် ၆ ရက်နေ့ မနက်ခင်းကတော့ ချောင်းရိုးရွာဘက်ကနေ အရှေ့ဘက်ကို လက်နက်ကြီးတွေပစ်ခတ်ပြီး ပြန်ထွက်လာတယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာကြောင့် ရွာမိဿာ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ဇဝ၊ နှောကုန်း၊ ကုန်းကြီး၊ ကုန်းတန်း၊ မူးဆုံ၊ မုတ်စီ၊ ငြတ္တုံ၊ ပြည်တော် စတဲ့ရွာသားတွေ စစ်ကြောင်းရှောင်နေကြရတယ်လို့ ရေဦးဒေသခံ ရေဦးမြို့နယ်အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။
တင်းတိန်ရံစံပြရွာကြီးဟာ အိမ်ခြေ ၇၀၀ ကျော်လောက်ရှိပီး ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၃၀ ရက်နေ့မှာ ခမရ ၃၆၈ စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်ပေါင်း ၃၁၅ လုံးနဲ့ စျေးဆိုင်ခန်းပေါင်း ၂၄၆ ခန်း မီးလောင် ဆုံးရှုံးခံထားရတဲ့ရွာဖြစ်ပါတယ်။