အီရန်နိုင်ငံဟာ တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်ဖွဲ့အတွက် မိုင်ပေါင်း ၆၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေအပါအဝင် ဒရုန်းတွေကိုပါ တပ်ဆင်ပေးခဲ့တယ်လို့ သြဂုတ် ၅ ရက်က ပြည်တွင်း သတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံကလည်း ပင်လယ်ကွေ့နေရာရှိ ဟော်မုဇ် (Hormuz) ရေလက်ကြားကို ဖြတ်သန်းသွား လာမယ့် ကုန်သွယ်ရေး သင်္ဘောတွေေပေါ်မှာ အစောင့်အကြပ်တွေ ထားရှိတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်ရေတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီးဖြစ်သူ အလီရက်ဇာ တန်စီရီ (Alireza Tangsiri) ကတော့ ဒုံးကျည်အသစ်တွေဟာ တိကျမှုနဲ့တာဝေးပစ် အတွက် ပိုမိုကောင်းမွန်တယ် ဆိုပြီး နိုင်ငံပိုင်ရုပ်သံမှာ မှတ်ချက်ပေးပါတယ်။
အီရန်နိုင်ငံရဲ့ ဒေသတွင်း အနှောင့်အယှက်ပေးမှု နဲ့ သိမ်းယူမှုတွေ ရှိနေတာကြောင့် ကုန်သွယ်ရေး သင်္ဘောတွေအတွက် လက်နက်ကိုင် သင်္ဘောသားတွေ အပြင် ရေတပ်ဖွဲ့ဝင် တွေကိုပါ မကြာခင်မှာ ထားရှိပေးဖို့ ကမ်းလှမ်းနိုင်တယ် ဆိုပြီး ဝါရှင်တန်ဘက်က ဒီတစ်ပတ်အစောပိုင်းမှာ ပြောကြားထား ပါတယ်။
၂၀၁၉ ခုနှစ်ကစလို့ အမေရိကန်နဲ့ အီရန် ၂ နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မဟာဗျူဟာ ကျတဲ့ ပင်လယ်ကွေ့ရေပြင်အတွင်း သင်္ဘောတိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။
အခုလို ထိန်းသိမ်း ခံခဲ့ရတဲ့ သင်္ဘောတွေဟာ ရေကြောင်းသွားလာမှုဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ဖြစ်တယ်လို့ တီဟီရန်ဘက်က တုံ့ပြန်လေ့ရှိပါတယ်။
ဒါကြောင့် ပြည်ပနိုင်ငံတွေဘက်က အီရန်သင်္ဘောတွေကို ပြန်လွှတ်ပေးတဲ့ အခါမှသာ တီဟီရန် ဘက်ကလည်း သင်္ဘောအချို့ကို လွှတ်ပေးလေ့ရှိကြောင်း သိရပါတယ်။
Source-Reuters