ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီနေ့ ဩဂုတ် ၆ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ကျောက်မဲ စည်ပင်ဦးစီးမှူးနဲ့ EPC ဝန်ထမ်းတို့ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က "ဆုံးတာတော့ ၂ ယောက် ဆုံးတာပါ့။ ရာထူးကြီးပိုင်းရှင့်။ ဟုတ်တယ်။ ၁ ရပ်ကွက်ရုံးမှာ" လို့ ပြောပါတယ်။
ဒီမနက် ၁၀ နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ၂ ယောက်သေဆုံးကာ ဗုံး အစထိတာတော့ များတယ်လို့ သူက ဆက်ပြောပါတယ်။ အပြင်လူ ပေးမဝင်တာကြောင့် အသေးစိတ်ကိုတော့ မသိရဘူး လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတယောက်ကလည်း "ကျောက်မဲ ရပ်ကွက် ၁ မြို့တော်ခန်းမ နောက်မှာ ဝင်ပစ်လို့ စည်ပင်က အရာရှိနဲ့ နမ္မတူ EPC ကလူ သေဆုံးပြီး ရပ်ကွက်ဥက္ကဋ္ဌ လက်မှာ ကျည်စထိတယ်" လို့ ပြောပါတယ်။
ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူးရုံးထဲမှာ အစည်းဝေးလုပ်နေချိန် အမည်မသိအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကျောက်မဲမြို့ စည်ပင်သာယာ ရုံးဝန်ထမ်း ၁ ယောက်နဲ့ နမ္မတူမြို့နယ် လျှပ်စစ်ရုံး ဝန်ထမ်း ၁ ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် Kyaw Swar တယ်လီဂရမ်မှာ ရေးထားပါတယ်။
ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းကလည်း ဂုတ်တွင်း ဇီးပင်နားမှာ စစ်ကောင်စီယာဉ်တန်းကို အမည်မသိအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးကာ စစ်ကား ၁ စီးလည်း ပျက်စီးခဲ့ပါသေးတယ်။