လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေသိမ်းဆည်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးကျေးရွာကို စစ်ကောင်စီတပ်က အင်အားသုံး ခြံစည်းရိုးခတ်နေပြီး သီးနှံစိုက်ခင်းတွေကိုလည်း စက်ယန္တရားနဲ့ ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၃၀၀ ကျော်လောက်နဲ့ ပြီးခဲ့တဲ့ ၄ ရက်လောက်စလို့ ဝက်မှေးကျေးရွာမြောက်ဘက်မှာ လမ်းစဖောက်လုပ်ခဲ့ကြပြီး အဲဒီလမ်းဟာ ချင်းတွင်းမြစ်ကနေ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအထိ ဖြစ်ပါတယ်။
ဝက်မှေးကျေးရွာသူတယောက်က "မြေယာလျော်ကြေးမယူတာတွေရော ယူတာတွေရော သူတို့သတ်မှတ်တဲ့နယ်နမိတ်ကနေ ခြံစည်းရိုးခတ်သွားတာ။ ကျမတို့ရွာကိုလည်း ကုမ္ပဏီက ဘာမှ အသိပေးတာ၊ အကြောင်းကြားတာ လုံးဝ မရှိဘူး။ အခု ဝက်မှေးရွာဟောင်းရွာပါ ခြုံငုံပြီးခတ်သွားတာ။ ရွာထဲကနေ အပြင်ထွက်တဲ့ သူတွေကိုလည်း သေနတ်နဲ့ပစ်တယ်။ ထိခိုက်တာတွေရှိတယ်။ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ဥပဒေကို မတရားသဖြင့် ချိုးဖောက်တာ။ ကျမတို့ရွာသူ ရွာသားတွေအနေနဲ့ သူတို့နဲ့ ရင်ဆိုင်ဖို့ရာအတွက် အခုရွာထဲမှာ အဆင်သင့်ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်အကောင်အထည်ဖော်ခဲ့တဲ့ကာလက ကျေးရွာအများအပြားရဲ့ လယ်ယာမြေတွေကို မြေယာလျော်ကြေးငွေ မပေးဘဲ အတင်းအဓမ္မသိမ်းဆည်းခံခဲ့ရပြီးနောက် ကျေးရွာတချို့ကိုလည်း အတင်းအဓမ္မ အင်အားသုံး ရွှေ့ပြောင်းခံခဲ့ကြရတာဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆင်ရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ၂၀၀၁ ခုနှစ် လန - ၃၉ အရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သတ္ထုတွင်း စီမံကိန်းနယ်မြေမှာ သိမ်းဆည်းခံခဲ့ရတဲ့ မြေဧကပေါင်း ၇၈၆၇ ကျော်ရှိပြီး လယ်ယာစိုက်ပျိုးမြေ ၅၀၅၇ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အရင် စစ်အစိုးရလက်ထက်က မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ကပဲ အကျိုးအမြတ်ခွဲဝေယူခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာထွက်လာပြီးနောက်မှာ စာချုပ်ကို ပြန်လည် ချုပ်ဆိုခဲ့ကြတာပါ။
အဲဒီနောက်မှာတော့ အကျိုးအမြတ်ကို မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းဆိုပြီး အသီးသီးခွဲဝေရယူခဲ့တာဖြစ်ပါတယ်။