အစ္စရေးနိုင်ငံရဲ့ တဲလ်အဗစ် မြို့လယ်ခေါင်လမ်းတခုမှာ သြဂုတ် ၅ ရက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး အမျိုးသားတယောက် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
အဲဒီနောက် ကင်းလှည့်ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် သံသယရှိဖွယ် သေနတ်သမားသေဆုံးသွား တယ်လို့ အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာနမှာ မြို့တော်ဝန် ရွန် ဟျူဒိုင်း က ပြောကြားပါတယ်။
အစ္စရေးရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူးကတော့ ဒီသေနတ်သမားဟာ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း မြို့ငယ်တခုဖြစ်တဲ့ ဂျနင်းမှာ နေထိုင်သူဖြစ်ကြောင်း သိသားထင်ရှားတယ်လို့ မှတ်ချက်ပေးပါတယ်။
ဒီအနောက်ဘက်ကမ်းဒေသက ကျေးရွာတခုမှာ အစ္စရေးအရပ်သားတွေရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်တယောက်သေဆုံးခဲ့ရပြီးနောက် တရက်အကြာမှာပဲ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဂျူးလူမျိုး အခြေချနေထိုင်သူတွေဟာ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်ေကျေးရွာတွေအပေါ် တိုက်ခိုက်မှု အကြိမ်ရမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဝင်ရောက်စီးနင်းမှုတွေ များပြားလာသလို ပါလက်စတိုင်းတွေရဲ့ လမ်းပေါ်ထွက် တိုက်ခိုက်မှုတွေလည်းရှိနေခဲ့တာကြောင့် အကြမ်းဖက်မှုက ပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။
အခုလို စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတဲ့ အမျိုးသားဟာ မြူနီစပယ်ကင်းလှည့်ဝန်ထမ်း တယောက်ဖြစ်တယ်လို့ မြို့တော်ဝန်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒီဝန်ထမ်းဟာ သံသယဖြစ်ဖွယ်ရာ တစုံတခုကိုသတိပြုမိခဲ့ပြီးနောက် ချဉ်းကပ်သွားတဲ့အချိန်မှာပဲ သေနတ်သမားရဲ့ ပစ်ခတ်မှုကို ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Source-Reuters