တပ်မတော်အရန်အင်အားကို ရောက်နေတဲ့ ဗိုလ်ချုပ် ၄ ဦး ၊ဗိုလ်မှူးချုပ် ၁၄ ဦးနဲ့ ဗိုလ်မှူးကြီး ၄၄ ဦး စုစုပေါင်း ၆၂ ဦးကို စစ်ကောင်စီက ဇူလိုင် ၃၀ ရက်မှာ တာဝန်ကနေ အနားပေးလိုက်တယ်လို့ စစ်ရာထူးခန့်ရုံးမှ သိရပါတယ်။
တာဝန်ကအနားပေးလိုက်တဲ့သူတွေဟာ အရပ်ဘက်ဝန်ကြီးဌာနတွေနဲ့ အရင်အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေလည်းဖြစ်တယ်လို့ စစ်ရာထူးခန့်ရုံးမှ အရာရှိတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"အရန်အင်အားဆိုတာ တပ်ကနေ ဝန်ကြီးဌာနကိုပြောင်းရွေ့ခံရတဲ့သူတွေ မကြိုက်လို့ အရပ်ဘက်ကိုပြောင်းရွေ့လိုက်တဲ့သူတွေရှိတယ်။ တချို့ဆို အရန်အင်အားရောက်ပြီး ရာထူးဆက်မတက်ဘဲ အငြိမ်းစားယူသွားတဲ့သူတွေရှိတယ်။”
စစ်တပ်မှာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့်ကိုရောက်ပြီးနောက် သတ်မှတ်ကာလအတွင်း ရာထူးမတိုးပါက တပ်မတော်အရန်အင်အားသို့ ပို့ဆောင်တယ်လို့ အငြိမ်းစားအရာရှိကြီးတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"အရန်အင်အားကိုပို့တယ် ကံကောင်းလို့ အဲ့မှာလုပ်ကွက်ရရင် စစ်ဘက်ကိုပြန်ခေါ်တယ်။ အရန်အင်အားဆိုတာရာထူးရှိပြီး လုပ်ကွက်မရှိတဲ့သူမျိုးပေါ့ ။”
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်တုန်းက ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးလူအေးတို့ကို အရန်အင်အားကို ပို့ဆောင်ခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။
လတ်တလောမှာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှာ တာဝန်ပြန်လည်ပေးအပ်ထားပြီး အရပ်ဘက်ကို ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး (နေပြည်တော်ကောင်စီဥက္ကဋ္ဌ) ၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် (စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန )၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် (နယ်စပ်ရေးရာဝန်ကြီး) တို့ကို တာဝန်ပေးအပ်ထားပါတယ်။
စစ်ကောင်စီရဲ့ တပ်မတော်အရန်အင်အားကို ပြောင်းရွေ့ခံရတဲ့အထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ ရှိသူတွေပါဝင်ပြီး စစ်ဘက်ကိုရာထူးပြန်ရရေးအတွက်ငွေအား လူအားနဲ့လိုက်ရင်း နောက်ဆုံးအငြိမ်းစားယူသွားရသူတွေလည်းရှိတယ်လို့ စစ်တပ်အသိုက်အဝန်းက သိရပါတယ်။