ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာက နေအိမ်တလုံးနဲ့ သုသာန်လမ်းမှာ ဩဂုတ် ၄ ရက် မနေ့ညပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေသူ ၂ ယောက်ကို တွေ့ခဲ့ရတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ည ၁၀ နာရီလောက်က နောင်မွန်ရွာက အိမ်တအိမ်မှာ အသက် ၄၀ အရွယ် အမျိုးသား ၁ ယောက်ကို ရင်ဘတ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ သတင်းရရှိတာကြောင့် ကယ်ဆယ်ရေးအသင်းတွေက သွားရောက်ခဲ့တာပါ။
နောင်မွန်ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက်က “ပထမတယောက်ကတော့ နောင်မွန်ရွာအတွင်းက အိမ်မှာ၊ ဒုတိယတယောက်ကတော့ ရွာကနေ သုသာန်ကို သွားတဲ့လမ်းမှာ တွေ့တာပါ။ နှစ်ယောက်စလုံးက အသက် ၄၀ လောက်ရှိပြီ။ ဆွေးမျိုးတော်တယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
အဲဒီည ၁၀ နာရီကျော်မှာပဲ နောင်မွန်ရွာနဲ့ နောင်မွန်သုသာန်သွားတဲ့ လမ်းမှာ အသက် ၄၀ ကျော် အမျိုးသား ၁ ယောက်ကို ဦးခေါင်းကွဲအက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာတွေနဲ့ သေဆုံးနေသူ အမျိုးသား ၂ ယောက်စလုံးဟာ နောင်မွန်ရွာနေထိုင်သူတွေ ဖြစ်တဲ့အပြင် ဆွေမျိုးတော်စပ်သူတွေလို့ သိရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ဖြစ်စဉ်ကို လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
သေဆုံးအမျိုးသားရုပ်အလောင်းတွေကို အရပ်ဖက်ကယ်ဆယ်ရေးယာဉ်နဲ့ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။