အမေရိကန်နိုင်ငံမှာ လူသိများတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ တယောက်က "လက်ဆောင်ပေးမယ့်" အစီအစဉ်တရပ်ကို ကြေညာခဲ့ပြီးနောက် သြဂုတ် ၄ ရက်က နယူးယောက်မြို့ရဲ့ ယူနီယံရင်ပြင်နဲ့ အနီးပတ်ဝန်းကျင် လမ်းတွေပေါ်မှာ လူ ထောင်နဲ့ချီတဲ့အထိ ပြည့်နှက်ခဲ့ပါတယ်။
"PS-5 ဂိမ်းစက်တွေနဲ့ ကွန်ပျူတာတွေ" လက်ဆောင်ပေးမယ် ဆိုတဲ့ အစီအစဉ်ကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူစုကွဲအောင် တုံ့ပြန်ခဲ့ တယ်လို့ သိရပါတယ်။
ဒါဟာ တွစ်ချ် နဲ့ YouTube ပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ နာမည်ကြီးတဲ့ ကိုင်း ဆန်းနတ် ရဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
သြဂုတ် ၃ ရက်က တိုက်ရိုက်ထုတ်လွှင့်မှု တခုအတွင်း "လက်ဆောင် ကြီးကြီးမားမား ပေးမယ်" ဆိုပြီး ဆန်းနတ်က ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့သောကြာက ယူနီယံရင်ပြင်ကို ဆန်းနတ် ရောက်လာချိန်မှာလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကိုယ်ရံတော်တွေနဲ့အတူ ကားတစီးပေါ်က သူဆင်းလာချိန်မှာ အားပေးနေကြတဲ့ ပရိသတ်တွေကိုပါ တွေ့ရပါတယ်။
တချိန်တည်းမှာပဲ လူစုလူဝေးများပြားလာတာနဲ့အမျှ ပုလင်းတွေနဲ့ ထိုင်ခုံတွေကို ပစ်ပေါက်တာမျိုး အပါအဝင် မြေအောက်ရထားဂိတ်ဝင်ပေါက်ရဲ့ ခေါင်မိုးပေါ်တက်ကာ ဆောက်လုပ်ရေး အတားအဆီးတွေကို ဖြိုဖျက်မှုနဲ့အတူ ကားတွေပေါ်မှာ မတ်တပ်ရပ်နေတာကိုပါ တွေ့ရပါတယ်။
ဒီလို ပရမ်းပတာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နယူးယောက်ရဲတပ်ဖွဲ့က ဆန်းနတ် ကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို အဓိကရုဏ်း ဖြစ်ပွားအောင် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
Source-Reuters