ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး-လားရှိုးကားလမ်း၊ ကျောက်ကြမ်းကျေးရွာနဲ့ အုမ္မခါးကျေးရွာနားမှာ ဩဂုတ် ၄ ရက် မနေ့မွန်းလွဲပိုင်းက ကား ၂ စီးတိုက်မိပြီး လူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မိုင်တိုင်အမှတ်၇၀/၂ ဖာလုံနဲ့ ၇၀/၃ ဖာလုံကြားမှာ နောင်ချိုကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အနက်ရောင် Wish အမျိုးအစားကားဟာ ၁၂ ဘီး ကုန်တင်ယာဉ်ကို ကျော်တက်ရာကနေ လမ်းပြောင်းပြန်ဖြစ်ပြီး မန္တလေး-နောင်ချို ခေါက်တိုပြေးဆွဲတဲ့ ခရီးသည်တင်ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိကြတာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက် “သိရသလောက်တော့ ရှေ့ကားကို ကျော်တက်ရင်း တိုက်ကြတာ။ မန္တလေး- နောင်ချို ဆွဲတဲ့ကားလေးနဲ့ အိမ်စီးကားနဲ့ မျက်နှာချင်းဆိုင် အနေအထားပါ။ အသက် ၄၅ လောက်ရှိတဲ့ အမျိုးသား ၁ ယောက်က မျက်နှာထိခိုက်မိတာ ရှိတယ်။ ကားလေးက အတိုက်ခံရပြီး ယာဉ်မောင်းနဲ့ ခေါင်းခန်းက တယောက်တော့ မထနိုင်ဘူး၊ ဒဏ်ရာအနည်းငယ် ပြင်းထန်ပါတယ်။ Wish ကားပေါ်က မစိုးရိမ်ရဒဏ်ရာတွေပါ။ နောင်ချိုဆေးရုံပဲ ပို့ထားပေးပါတယ်” လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် အနက်ရောင် Wish ကားပေါ်က အသက် ၃၀ အရွယ် ယာဉ်မောင်းအမျိုးသားအပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့မှာ လက်နဲ့ခေါင်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရီးသည်တင်ကားပေါ်က အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်တို့မှာတော့ နဖူးပေါက်၊ လက်နဲ့ ခါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို နောင်ချိုမြို့နယ်မီးသတ်၊ သက်ဆိုင်ရာနဲ့ အရပ်ဖက် လူမှုကူညီရေးအသင်းတွေ ပူးပေါင်းလာရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး ထိခိုက် ဒဏ်ရာရသူ ၈ ယောက်လုံးကို နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။