ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က နေအိမ်တလုံးကို ဩဂုတ် ၄ ရက်၊ မွန်းလွဲပိုင်းက ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂ ရပ်ကွက်၊ သုမာလာ ၇ လမ်းက အွန်လိုင်းရှော့ပင်လုပ်တဲ့ နေအိမ်ကို မွန်းလွဲ ၂ နာရီလောက်မှာ ဆိုင်ကယ် ၁ စီးနဲ့ အသက် ၂၅ နှစ်ကျော်အရွယ် အမျိုးသား ၃ ယောက်က ပစ္စည်းပို့သူအယောင်ဆောင်ပြီး ရွှေနဲ့ ပိုက်ဆံတွေ ဓားပြတိုက်ယူသွားတာ ဖြစ်ပါတယ်။
ဆိုင်ရှင်အမျိုးသမီးရဲ့ လူမှုကွန်ယက်မှာ “အိမ်ကို နေ့လယ်က ဓားပြတိုက်သွားပါတယ်၊ Deli လာကောက်တယ် ဆိုပြီးတော့၊ ကလေးအငယ်လေးကို သတ်မယ်လုပ်လို့ အမေက အကုန်ထုတ်ပေးလိုက်တာ၊ လူတွေဘာမှမဖြစ်ပါ၊ အမေနဲ့အဒေါ်ကို လက်ပြန်ကြိုးတုပ်ပြီး ယူသွားတာ၊ ဓားလား သေနတ်လား မသိဘူး၊ အဲ့ဒီဟာနဲ့ ထောက်တာ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
အဲဒီအိမ်မှာ အွန်လိုင်းကနေ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ပိုင်ရှင်ရဲ့ အသက် ၆၉ အရွယ် အမေနဲ့ အဒေါ်ဖြစ်သူ အမျိုးသမီး ၁ ဦး၊ အသက် ၂ နှစ်အရွယ် ကလေး ၁ ယောက်တို့ ရှိနေတာဖြစ်ပါတယ်။
ဓားပြ ၃ ယောက်က အိမ်ထဲဝင်လာပြီး အမျိုးသမီးကြီး ၂ ယောက်ကို ဓားနဲ့ထောက်ထားတဲ့အပြင် ရွှေထည်ပစ္စည်းတွေရှိတဲ့နေရာကို မပြောတာကြောင့် ကလေးကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။။
ရပ်ကွက်နေသူတဦးက “လောလောဆယ် သူတို့အမေနဲ့ အဒေါ်နဲ့ကို ရဲစခန်းမှာ စစ်ချက်ယူနေတယ် ကြားတယ်။ သူတို့အိမ်မှာက အကြီးမလေးက ကျောင်းသွားနေတာ။ ၂ နှစ်အရွယ် ကလေးရယ်၊ အမေရယ်၊ အဒေါ်ရယ်ပဲရှိတဲ့အချိန် ဖြစ်သွားတာ။ အိမ်က ပစ္စည်းပို့၊ ပစ္စည်းယူသူ အရင်ကလည်း အဝင်အထွက် ရှိနေတော့ အခုလို ဖြစ်သွားတာ” လို့ ဆိုပါတယ်။
ဓားပြတွေက အိမ်အခန်းထောင့်သေတ္တာထဲမှာရှိတဲ့ ရွှေဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၆ ကွင်း၊ လက်စွပ် ၁ ကွင်း၊ ရွှေဟန်ချိန်းနဲ့ နားကပ် ၁ ရံ၊ ခန့်မှန်း ရွှေ ၇ ကျပ်သားလောက်နဲ့ ကျပ်ငွေ ၈၉ သိန်းကိုပါ လုယက်သွားခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ရပ်ကွက်နေသူတယောက်က "အိမ်ထဲမှာ မိန်းမနှစ်ယောက်ပဲရှိတဲ့အချိန် ဓားထောက်လုသွားတာ။ ပါးစပ်ကိုတိပ်နဲ့ကပ်၊ လက်ပြန်ကြိုးတုပ်ထားတော့ လုတဲ့သူတွေထွက်ပြေးသွားမှ ရပ်ကွက်က သိတာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
အခင်းဖြစ်အိမ်က မိသားစုဝင်တွေကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ စစ်ဆေးချက် ယူနေတယ်လို့သိရပြီး ရဲစခန်းကို အမှုနဲ့ပတ်သက်လို့ ဖုန်းဆက်သွယ် မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒါပေမယ့် လက်ရှိအချိန်အထိမှာတော့ မြောက်ဥက္ကလာပမြို့နယ်မှာ တာဝန်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လုယက်သွားသူကို မဖမ်းနိုင်သေးဘူးလို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာပဲ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၈ ရက်နေ့က (ဈ) ရပ်ကွက်မှာရှိတဲ့ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁ သောင်းကျော် လုယက်ခံခဲ့ရသလို သြဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက်၊ သစ္စာလမ်းမပေါ်မှာရှိတဲ့ The Skin Studio မှာ ဆိုင်ဝန်ထမ်းအမျိုသမီး ၄ ယောက်ကို လက်နက်နဲ့ခြိမ်းခြောက်၊ ပါးစပ်ကိုတိပ်ကပ်၊ လက်ပြန်ကြိုးတုပ်ပြီး ဖုန်းတွေယူသွားတာ ဖြစ်ခဲ့ပါသေးတယ်။