တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်းက ဒဲဂျွန်းမြို့ မှာ အထက်တန်းကျောင်းဆရာတယောက်ကို ဓားနဲ့ ထိုးသွားတယ်လို့ သံသယရှိသူ အမျိုးသားတဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဩဂုတ်လ ၄ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၂၀ လောက်အရွယ်ရှိ သံသယရှိသူဟာ စာသင်ခန်းကနေ ဆရာထွက်လာချိန်ကို စောင့်ဆိုင်းပြီးမှ ဓားနဲ့ထိုးကာ အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးသွားခဲ့တာပါ။
သူတို့ ၂ ဦးဟာ အသိအကျွမ်းတွေဖြစ်ကြပြီး မတော်တဆတိုက်ခိုက်မှု မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
သြဂုတ်လ ၃ ရက်နေ့တုန်းကလည်း ဆိုးလ်မြို့တော်အနီးမှာ လမ်းသွားလမ်းလာတွေကို ကားနဲ့တိုက် ဓားနဲ့ထိုးခဲ့လို့ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အမှုကို ကျူးလွန်ခဲ့သူ တခြားတယောက်ကိုလည်း ရဲက ဖမ်းဆီးခဲ့ပါတယ်။
တောင်ကိုးရီးယားပြည်သူတွေဟာ အထိတ်တလန့် ခံစားနေရပြီး နေထိုင်ရတာ ကြောက်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်လာပြီ လို့ ပြောဆိုနေကြပါတယ်။
တောင်ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ယွန်ဟီးကွမ်ဟာ ရဲတပ်ဖွဲ့အနေနဲ့ ရနိုင်သမျှ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အင်အားစုစည်းပြီး လက်နက်ကိုင်ဆောင်တယ်လို့ သံသယရှိသူ ဘယ်သူကိုမဆို စစ်ဆေးသွားမယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters