နေတိုးစစ်ရေးမဟာမိတ်အဖွဲ့တွေ မတည်မငြိမ်ဖြစ်အောင် ရုရှားပုဂ္ဂလိက ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာအုပ်စုက တိုက်ခိုက်ရေးသမားတွေကို နေတိုးရဲ့ အရှေ့ဘက်ခြမ်း အနီးကို ရွှေ့ပြောင်းနေတယ်လို့ ပိုလန်ဝန်ကြီးချုပ် မတေးယူးရှ် မော်ရာဗီယတ်စကီးက သြဂုတ် ၃ ရက်မှာ ပြောပါတယ်။
ဝဂ္ဂနာစစ်သားတွေဟာ ဘီလာရုစ်နိုင်ငံ စစ်တပ်နဲ့အတူ လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပြီး ပိုလန်ကလည်း သူ့တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို နယ်စပ်နဲ့ပိုနီးအောင် ရွှေ့ခိုင်းလိုက်တာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ ဘီလာရုစ်ဟာ စစ်ရဟတ်ယာဉ်တွေနဲ့ သူ့လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
မော်ရာဗီယတ်စကီးဟာ ပိုလန်အရှေ့ပိုင်းက မဟာဗျူဟာအရ အရေးပါတဲ့ ဆူဝေါ့ကီ သီးခြားနယ်မြေမှာ လစ်သူယေးနီးယားသမ္မတ ဂီတားနာ့စ် နောင့်ဆေးဒါနဲ့ တွေ့ဆုံပြီးနောက်မှာ ဒီလိုရန်စမှုတွေ အကြိမ်ထပ်တိုးလာမှာကို သတိထားရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘီလာရုစ်ရှိ ဝဂ္ဂနာ တိုက်ခိုက်ရေးသမား အရေအတွက်ဟာ ၄,၀၀၀ ထက် ပိုများနိုင်ကြောင်း နောင့်ဆေးဒါက ပြောပါတယ်။
ဘီလာရုစ်နိုင်ငံဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းကျူးကျော်မှု စတင်လုပ်ဆောင်တဲ့ နေရာအဖြစ် ခွင့်ပြုခဲ့ပေမဲ့ စစ်ပွဲမှာတော့ သူ့နိုင်ငံတပ်တွေ မပါဝင်ထားပါဘူး။
Source - Reuters