
အမေရိကန် နာမည်ကြီး ရက်ပ်အဆိုတော် ကာဒီဘီ (Cardi B) ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စွဲချက်တင်ခံရမှာ မဟုတ်ဘူးလို့ လတ်စ်ဗီးဂတ်စ်မြို့တော်ရဲတပ်ဖွဲ့က ဩဂုတ် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မိုက်ခရိုဖုန်းနဲ့ ထိမှန်တယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးတဦးဟာ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး စင်ပေါ်က ပစ်ချခဲ့တဲ့ အရာတခုကြောင့် သူ့ကိုထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
“ဒီအမှုကို စေ့စေ့စပ်စပ်သုံးသပ်ပြီး ကလာ့ခ်ကောင်တီ ခရိုင်ရှေ့နေရုံးရဲ့ ညှိနှိုင်းမှုအရ အထောက်အထား မလုံလောက်တဲ့အတွက် ဒီအမှုကို ပိတ်လိုက်ပါပြီ” လို့ ရဲတပ်ဖွဲ့က ဩဂုတ် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုမှာ ဖျော်ဖြေပွဲသွားသူတဦးဟာ “Bodak Yellow” ဖျော်ဖြေနေစဉ် ရက်ပ်အဆိုတော်ကို ရေနဲ့ပက်ခဲ့လို့ ကာဒီဘီက သူ့ရဲ့မိုက်နဲ့ ပြန်ပစ်ပေါက်ပြီး တုံ့ပြန်ခဲ့ပါတယ်။
အခင်းမဖြစ်ပွားမီက ကာဒီဘီက သူ့ကို ရေအနည်းငယ်ဖျန်းပေးဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့တာကို ကြားခဲ့ရပြီး ကာဒီဘီ မိုက်ကိုပစ်ပေါက်တဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်လွှင့်တင်ခဲ့ပေမဲ့ ဒီအဖြစ်အပျက်ကို တိုက်ရိုက်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
“ဒီနေ့မွန်းလွဲပိုင်းက လတ်စ်ဗီးဂတ်စ်မြို့တော် ရဲဌာနက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်အရ ကာဒီကို စွဲချက်တင်မှာ မဟုတ်ဘူး” လို့ ရက်ပ်ပါရဲ့ရှေ့နေတွေက ဩဂုတ် ၃ ရက်မှာ ပြောကြားခဲ့ပြီး “ကာဒီကိုယ်စား ဒီကိစ္စနဲ့ပတ်သက်ပြီး လတ်စ်ဗီးဂတ်စ်မြို့တော်ရဲဌာနရဲ့ လုံ့လဝီရိယနဲ့ ပြတ်ပြတ်သားသား ဖြေရှင်းပေးမှုကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
နယူးဂျာစီက အမျိုးသားတဦးဟာ ပြီးခဲ့တဲ့လက နယူးယောက်က ရှိုးတခုအတွင်း ဘီဘီရက်စ်ဟာ ကို ဆဲလ်ဖုန်းတလုံး ပစ်ပေါက်ခဲ့မှုနဲ့ တနင်္လာနေ့မှာ တရားစွဲခံရမှာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း ဟယ်ရီစတိုင်စ်နဲ့ ဒရိတ်ခ် နှစ်ဦးစလုံး ဆဲလ်ဖုန်းတွေ ထိမှန်ခံခဲ့ရပါတယ်။
အဆိုတော် အာဗာမက်စ်ဟာ ဇွန်လက စင်မြင့်ပေါ်မှာ ပါးရိုက်ခံရသလို ကန်းထရီးဂီတကြယ်ပွင့် ကယ်လ်ဆီး ဘယ်လာရီနီဟာလည်း ပရိသတ်တဦးရဲ့ လက်ကောက်နဲ့ ပစ်ခံရပြီးနောက် မျက်လုံးကို ထိမှန်ခဲ့ပါတယ်။
Source - CBS


