မက္ကဆီကိုနိုင်ငံအနောက်ပိုင်းမှာ သြဂုတ် ၃ ရက် အစောပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး လျှိုမြောင်တခုထဲ ထိုးကျသွားတာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အရာရှိတဦးက ပြောပါတယ်။
တီဝါးနာမြို့ကို သွားနေတဲ့ ဘတ်စ်ကားဟာ ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီးတော့ မက္ကဆီကိုအနောက်ပိုင်း နာယရစ်ထ်ပြည်နယ်ရဲ့ မြို့တော်အပြင်ဘက်က ဘာရန်ကာ ဘလန်ကာမြို့အနီးရှိ အဝေးပြေးလမ်းမပေါ်မှာ စက်ပျက် တိမ်းမှောက်သွားတာပါ။
ကယ်ဆယ်ရေးသမားတွေဟာ အဲဒီမနက် အရုဏ်တက်ချိန်မှာပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်စလို လုပ်ဆောင်ခဲ့ကြောင်းနဲ့ မီတာ ၅၀ (၁၆၄ ပေ) အနက်ရှိတဲ့ ချောက်ထဲမှာ ပိတ်မိနေတဲ့ ဘတ်စ်ကားပေါ်က သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း အပေါ်ထိ သယ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အရွယ်ရောက်ပြီးသူ ၁၄ ဦးနဲ့ ကလေး ၃ ဦး သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိခဲ့ပေမဲ့လည်း သူတို့ကတော့ အခြေအနေ တည်ငြိမ်ကြောင်း အဲဒီအရာရှိက ဆိုပါတယ်။
ဘတ်စ်ကားဟာ လမ်းမပေါ်ကနေ ဘယ်လိုကြောင့် ချောက်ထဲထိုးဆင်းသွားရလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နာယရစ်ပြည်နယ် မီးသတ်အဖွဲ့မှ သတင်းရင်းမြစ်တခုကတော့ တီဝါးနာမြို့ကိုသွားတဲ့ ခရီးသည် ၄၀ ထဲမှာ အိန္ဒိယနိုင်ငံသား ၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
Source - Reuters